ရန်ကုန်တိုင်းဒေသကြီးတွင် ရေမြောင်းသန့်ရှင်းရေးနှင့် ပြန်လည်တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်

(ဖွံ့ဖြိုးရေး) မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရေမြောင်းသန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် မေ ၁၄ ရက် နံနက် ၁၁ နာရီအချိန်တွင် အုတ်ဖိုစုရပ်ကွက်ရှိ ရေမြောင်းများ အမှိုက်များပိတ်ဆို့နေမှုကြောင့် ရေစီးရေလာ ခက်ခဲနေသဖြင့် ပြန်လည်တူးဖော်ဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ လိုအပ်သည့်အချက်များကို ပေါင်းစပ်ကူညီဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ နေ့လယ် ၁၂ နာရီအချိန်တွင် မြို့မတောင်ရပ်ကွက်နှင့် ဗိုလ်ချုပ်ကျေးရွာအုပ်စုကြားရှိ ရေမြောင်းကြီးကို စည်ပင်သာယာရေးကော်မတီမှ ပြန်လည်တူးဖော်ဆောင်ရွက်နေမှုကိုလည်း သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ်ပါတီရုံးသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထို့ပြင် ကမာရွတ်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ ကွမ်းခြံ (၁) လမ်းအတွင်း မေ ၁၄ ရက် နံနက် ၇ နာရီအချိန်တွင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းအမှိုက်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများတွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကိုကိုသင်း၊ ဦးအောင်ဝင်းသန်းနှင့် ဒေါ်သီသီမွန်တို့ လိုက်ပါအားပေးခဲ့ကြသည်။ ထို့အပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား အလှူရှင်တစ်ဦးမှ မုန့်၊ အအေးအချိုရည်နှင့် ရေသန့်ဘူးများ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။