
(ကျန်းမာရေး) မေ ၁၅
ကျန်းမာရေးဝန်ကြီးဌာနက အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) စီမံကိန်းတစ်ခုဖြစ်သော နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ် စီမံချက်ကို မေ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တရားဝင် စတင်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ အသိပေးခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးနှင့် စီမံချက်တွင် ပါဝင်ဆောင်ရွက်မည့် ဆေးရုံများမှ ပါမောက္ခများ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက ယင်းစီမံချက်ကို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှန်ကျန်းအခြေစိုက် Benefm ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ Mr. Hu Cheng က စီမံချက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးဆေးကုဌာန ပါမောက္ခ ဒေါက်တာနွယ်နွယ်က စီမံချက် အကောင်အထည်ဖော်မှုအခြေအနေများကို တင်ပြခဲ့သည်။
အခမ်းအနားတွင် AI နည်းပညာဖြင့် ECG စနစ် တပ်ဆင်ထားသော ဝတ်စုံများကို လူနာများ ဝတ်ဆင်အသုံးပြုကာ နှလုံးရောဂါ အန္တရာယ်ကို ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနိုင်သည့် နည်းလမ်းများကို လက်တွေ့ပြသခဲ့သည်။
“မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ် စီမံချက်” ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြောက်ဥက္ကလာပနှင့် ကန်သာယာဆေးရုံတို့တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး တစ်နှစ်အတွင်း လူဦးရေ တစ်သိန်းခန့်ကို စစ်ဆေးနိုင်ရန် ရည်မှန်းထားသည်။ ထို့ပြင် နိုင်ငံတစ်ဝန်း လွှမ်းခြုံနိုင်ရေး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစနစ်ကို နှလုံးရောဂါ ဖြစ်နိုင်ခြေမြင့်မားသူများသာမက အားကစားသမားများ၊ လေယာဉ်မောင်းများ၊ အဝေးပြေးယာဉ်မောင်းများအပါအဝင် အလုပ်အကိုင်အရ ကျန်းမာရေးအရေးကြီးသူများ အသုံးပြုနိုင်မည်ဖြစ်ပြီး နေ့စဉ်လုပ်ငန်းများ မထိခိုက်စေဘဲ အန္တရာယ်ကို အချိန်မရွေး စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။