ဆွာချောင်းတံတား (အပြန်လမ်း) အသစ်ပြီးစီး၍ ယာဉ်များ ဖြတ်သန်းခွင့်ပြု

(ပြည်တွင်း) မေ ၁၅

မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတား (အပြန်လမ်း) ကို ပြန်လည်တည်ဆောက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ မေ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ အရှည်ပေ ၉၀၀ ရှိသော ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးမှုနှင့် ယာဉ်များ ဖြတ်သန်းနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တံတားအထူးအဖွဲ့ (၆) နှင့် (၁၀) မှ တာဝန်ခံအင်ဂျင်နီယာများနှင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများအား ဂုဏ်ပြုအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခဲ့သည်။ ထို့အပြင် တံတားပေါ်မှ ယာဉ်များ ဖြတ်သန်းနေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးငလျင်ကြောင့် ဆွာချောင်းတံတား အသွား/အပြန် နှစ်စင်းလုံး ထိခိုက်ပျက်စီးခဲ့ပြီးနောက် အပြန်လမ်းတံတားကို နေပြည်တော်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့ (၆) နှင့် ရန်ကုန်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့ (၁၀) တို့က တာဝန်ယူကာ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်၍ အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းတံတားကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်တွင် ပြီးစီးအောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ပြီး ယခုအခါ ယာဉ်များ ဖြတ်သန်းခွင့်ပြုထားပြီဖြစ်သည်။ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးလျှင် တန် ၆၀ အထိ ခံနိုင်ရည်ရှိကြောင်းနှင့် အသွားလမ်းတံတားအသစ် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။