တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားရုံးဝန်ဆောင်မှုများ မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

(ပြည်တွင်း) မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) နှင့်အညီ တရားရုံးဝန်ဆောင်မှုများကို အများပြည်သူလက်လှမ်းမီစေရေးနှင့် သတင်းမီဒီယာများနှင့် ဆက်ဆံရေးကောင်းမွန်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မေ ၉ ရက် နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။တရားရုံးများတွင်

တရားရုံးများတွင်အမှုစွဲဆိုရာတွင် လိုအပ်သည့်အချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် ကြော်ငြာစာများထားရှိထားပြီးဖြစ်ကြောင်း၊ အမှုသည်များအနေဖြင့် အမှုစစ်ဆေးစဉ် အမှုတွဲများနှင့် ပတ်သက်၍ မိတ္တူကူးယူလိုပါက လျှောက်ထားနိုင်ကြောင်းတို့ကိုလည်း အသိပေးပြောကြားခဲ့သည်။

ထို့အပြင် တရားရုံးများတွင် သတင်းအချက်အလက်ကောင်တာ၊ အမှုလက်ခံကောင်တာနှင့် ဘိလစ်ကောင်တာများကို တည်ထောင်ထားပြီး ပြည်သူများ၏ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ယဉ်ကျေးပျူငှာစွာ ဖြေကြားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

ဆက်လက်၍ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၏ နယ်ပယ်တစ်ရပ်ဖြစ်သည့် ထိရောက်သောမှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်တို့ကို တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အများပြည်သူ စိတ်ဝင်စားသည့်မှုခင်းများနှင့်ပတ်သက်၍ သတင်းမီဒီယာများအား တိကျမှန်ကန်သော သတင်းအချက်အလက်များ ပေးနိုင်ရန် တရားရုံးအဆင့်ဆင့်တွင် သတင်းပြန်ကြားရေးအရာရှိများ ခန့်အပ်ထားပြီးဖြစ်ကြောင်း၊ သတင်းမီဒီယာဥပဒေနှင့် သက်ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖြေကြားဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။

ထို့ပြင် တရားလွှတ်တော်၏ Website တွင် မှုခင်းများ ကြားနာမည့်နေ့ရက်များ၊ အမိန့်ချမှတ်မည့်နေ့ရက်များနှင့် လုပ်ငန်းစီမံချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ဖော်ပြခြင်းဖြင့် တရားရုံးလုပ်ငန်းများအား ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများက တရားရုံးဝန်ဆောင်မှုများကို အများပြည်သူလက်လှမ်းမီစေရေးနှင့် သတင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြင်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တရားသူကြီးချုပ်က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

#PAN