မြစိမ်းရောင်စီမံကိန်း ကျေးလက်ဖွံ့ဖြိုးရေး သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

(ပြည်တွင်း) မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများအား မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး (နည်း) ဦးထွန်းလင်းကျော်၊ ဖိတ်ကြားထားသည့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဌေးတို့က ကျေးရွာအဖွဲ့များအနေဖြင့် ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်၊ အားနည်းချက်နှင့် အားသာချက်များကို ဖော်ထုတ်၍ စီမံကိန်းအောင်မြင်ရေး ဆက်လက်အကောင်အထည်ဖော်ရန် မှာကြားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး (နည်း) ဦးထွန်းလင်းကျော်က မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်သည့် သုံးသပ်ဆွေးနွေးရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များအနေဖြင့် အားနည်းချက်၊ အားသာချက်နှင့် အကြံပြုချက်များကို ဖော်ထုတ်တင်ပြရန် တိုက်တွန်းခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအပေါ် သုံးသပ်ချက်၊ အားသာချက်၊ အားနည်းချက်နှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။