မင်္ဂလာဒုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံများတွေ့ဆုံဆွေးနွေး

(ပြည်တွင်း) မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု မြသီတာရပ်ကွက်၊ မြသစ္စာ(၂)လမ်းရှိ သီတဂူရွှေပြည်ဟိန်းကျောင်းတိုက်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို မေ ၈ ရက် နံနက် ၉:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆင့်နှင့် ဦးဇော်ဝင်းသန့်တို့ တက်ရောက်ခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ ယာဉ်/ဆယ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ (၉၅) ဦးခန့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီးစသည့် အခြေခံဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာလွှတ်တော်များသို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပါတီရုံးတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားသဖြင့် ရုံးဖွင့်ရက်များတွင်လည်း အချိန်မရွေး လာရောက်တင်ပြနိုင်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နံနက် ၁၀ နာရီအချိန်တွင် ပျဉ်းမပင်ရွာလယ်ပိုင်း၌ ဆောင်ရွက်လျက်ရှိသော ကားလမ်းကူးရေမြောင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နံနက် ၁၀ နာရီခွဲအချိန်တွင် အာယုဒီဃာပျိုးဥယျာဉ် စာသင်တိုက်၌ ဒေသခံပြည်သူ (၁၂၀) ဦးခန့်နှင့် ထပ်မံတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။