
(နိုင်ငံတကာ)မေ ၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံနှင့် ဆွေးနွေးမှုများမှာ “အလွန်ကောင်းမွန်ကြောင်း” နှင့် နှစ်ဖက်အကြားဖြစ်ပွားနေသည့် စစ်ပွဲမှာ “မကြာမီပြီးဆုံးတော့မည်” ဟု ပြောကြားကာ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အကောင်းမြင်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အိမ်ဖြူတော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတထရန့်က အီရန်သည် သဘောတူညီချက်ရရှိရန် အလွန်အမင်း အလိုရှိနေကြောင်းနှင့် လာမည့်အပတ် တရုတ်နိုင်ငံခရီးစဉ်မတိုင်မီ ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ သို့သော် လည်း ဆွေးနွေးပွဲများ ပျက်ပြားသွားပါက အီရန်အပေါ် အပြင်းအထန် ဗုံးကြဲမှုများ ပြန်လည်စတင်မည်ဟုလည်း ထရန့်က တစ်ပါတည်း သတိပေးခဲ့သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ နှစ်ဖက်စလုံးသည် စစ်ပွဲကို တရားဝင်အဆုံးသတ်ရန် အချက် ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာတစ်ရပ် ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်သည်။ အဆိုပါမူကြမ်းတွင် အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ရန်နှင့် ယူရေနီယံသန့်စင်မှုကို ၁၂ နှစ်အထိ ရပ်တန့်ရန်၊ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးပြီး သိမ်းဆည်းထားသော အီရန်ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန်၊ ဟော်မုဇ်ရေလက်ကြားကို ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ဖွင့်လှစ်ရန် တို့ပါဝင်ကြောင်း သိရသည်။
အီရန်အရာရှိများကမူ သဘောတူညီချက်ရရန် နီးစပ်နေပြီဆိုသည့် သတင်းများကို လျှော့ချပြောဆိုထားသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ အဆိုပြုချက်ကို “သုံးသပ်နေဆဲ” သာဖြစ် ကြောင်း ပြောကြားခဲ့သလို၊ လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ကလည်း နှစ်ဖက်သဘောတူညီချက်ရရန် နီးစပ်နေပြီဟူသော Axios ၏ ဖော်ပြချက်ကို “Operation Trust Me Bro ကျရှုံးသွားပြီ” ဟု လူမှုကွန်ရက်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားကာ လှောင် ပြောင်လိုက်သည်။
အီရန်သည် ၎င်းတို့၏ နျူကလီးယားသန့်စင်မှုအစီ အစဉ်နှင့် ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုကိစ္စရပ်များကို “နီသောစည်း” (Red lines)များအဖြစ် သတ် မှတ်ထားပြီး အလျှော့ပေးရန် ငြင်းဆိုထားဆဲဖြစ် သည်။ ထို့ပြင် ရေလက် ကြားကို ဖြတ်သန်းမည့် သင်္ဘောများသည် အီရန်ငွေကြေးဖြင့် အခွန်ပေးဆောင်ရမည်ဆိုသည့် စည်းကမ်းသစ်ကိုလည်း ထုတ်ပြန်ထားသည်။
အစောပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီဂေါ့တ် က အီရန်၏ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် ရေတိုအနှောင့်အယှက်များကို ထရန့်က “သတိရှိစွာ” စောင့်ကြည့်နေကြောင်း၊ သို့သော် နိုင်ငံတကာ ရေလမ်းကြောင်းကို မည်သူအသုံးပြုခွင့်ရှိသည်ဆို သည်ကို နိုင်ငံတစ်နိုင်ငံက ဆုံးဖြတ်ခြင်းမျိုးကို ဝါရှင်တန်အနေဖြင့် “ပုံမှန်အခြေအနေတစ်ခုအဖြစ် လက်မခံနိုင်ကြောင်း” ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားတွင် အိုမန်ပင်လယ်ကွေ့အတွင်း စစ်ဆင်ရေးလုပ်ဆောင်နေသော အမေရိကန်စစ်တပ်က အီရန်အလံတင် ရေနံတင်သင်္ဘောတစ်စင်းသည် သတိပေး ချက်များကို လိုက်နာရန် ပျက် ကွက်ခဲ့သဖြင့် ၎င်းကို စက်ရပ်သွားအောင် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM)က ထုတ်ပြန်ခဲ့သည်။
အဆိုပါသင်္ဘောမှာ M/T Hasna ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ GMT ၁၄:၀၀ နာရီခန့်တွင် အိုမန်ပင်လယ်ကွေ့ရှိ အီရန်ဆိပ် ကမ်းတစ်ခုသို့ ဦးတည်ကာ နိုင်ငံတကာရေပိုင် နက်အတွင်း ဖြတ်သန်းနေစဉ် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အမေရိကန်တပ်ဖွဲ့များက ယင်းသင်္ဘောသည် ပိတ်ဆို့မှုစည်းကမ်းကို ချိုးဖောက်နေကြောင်း အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ဆိုသည်။ အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်ရန် ကြိုးပမ်းသည့် သင်္ဘောများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုမှာ “အပြည့်အဝ အကျိုးသက်ရောက်ဆဲ” ဖြစ်ကြောင်း ထပ် လောင်းအတည်ပြုခဲ့သည်။
လက်ရှိတွင် ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျတို့က ကြားဝင်စေ့စပ်ပေးနေပြီး၊ လာမည့် မေလ ၁၄ ရက် တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲသည် ဤစစ်ပွဲ၏ ကံကြမ္မာအတွက် အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိသည်။
#Trump #Iran #PeaceTalks #HormuzStrait #NuclearDeal #BreakingNews #PositiveAngleNews #MiddleEastConflict
Telegram»…
https://t.me/positiveanglenews
#PAN