မန္တလေး–မြစ်ကြီးနား လမ်းကြောင်းအပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ကြောင်း တပ်မတော်ထုတ်ပြန်

(ပြည်တွင်း) မေ ၇

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ ပုံမှန်လည်ပတ်နိုင်ရေးတို့အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဒေသများတွင် Counter-Terrorism Operation များ ဆောင်ရွက်ခဲ့ပြီးနောက် မန္တလေး–မြစ်ကြီးနား အဓိကဆက်သွယ်ရေးလမ်းကြောင်းကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါလမ်းကြောင်းသည် မန္တလေးမြို့မှ စတင်၍ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူး၊ နန့်စီးအောင်၊ မိုးညှင်း၊ မိုးကောင်းမှတစ်ဆင့် မြစ်ကြီးနားမြို့အထိ ချိတ်ဆက်ထားသည့် မြောက်ပိုင်းဒေသ၏ အရေးပါသော သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

တပ်မတော်၏ ထုတ်ပြန်ချက်အရ ယခင်ကာလများအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ယာယီစိုးမိုးမှုနှင့် လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကြောင့် အဆိုပါဒေသတစ်လျှောက်တွင် လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့သွားခဲ့ပြီး ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများသည် လိုအပ်သော စစ်ဆင်ရေးအစီအစဉ်များကို စနစ်တကျ စုဖွဲ့ဆောင်ရွက်ကာ ဒေသအလိုက် နယ်မြေလုံခြုံရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အဆင့်လိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုလုပ်ငန်းစဉ်အတွင်း မြို့နှင့်ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ သပိတ်ကျင်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့အရှေ့ဘက် ဖယောင်းတောင်ဒေသကို ဩဂုတ်လ ၂၄ ရက်နှင့် အယ်လ်ဖာဘိလပ်မြေစက်ရုံကို ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးဒေသကို နိုဝင်ဘာ ၇ ရက်တွင်လည်းကောင်း၊ စဉ့်ကူးဒေသကို ဒီဇင်ဘာ ၁၉ ရက်တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး–မတ္တရာ–စဉ့်ကူး–သပိတ်ကျင်း လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်တွင် တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး–မတ္တရာ–သပိတ်ကျင်း–တကောင်း လမ်းပိုင်း၊ မတ် ၂၅ ရက်တွင် တကောင်း–ထီးချိုင့်လမ်းကြောင်း၊ ဧပြီ ၁၆ ရက်တွင် ထီးချိုင့်–ကသာလမ်းကြောင်းနှင့် ဧပြီ ၃၀ ရက်တွင် အင်းတော်မြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် မေလ ၅ ရက်တွင် မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာတွင် နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယနေ့တွင် မန္တလေး–မိုးကောင်း–မြစ်ကြီးနား လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့် ခရီးသွားယာဉ်များနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် စီးပွားရေးလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာမည်ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် လမ်းတစ်လျှောက်ရှိ အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်နေရာများကို ပြန်လည်ပြုပြင်ခြင်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းနှင့် လုံခြုံရေးစနစ်များ တိုးမြှင့်ချထားခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လုံခြုံရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။