
(စီးပွားရေး) မေ ၇
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်များအား ကင်းလွတ်ခွင့်ကာလ ထပ်မံတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။
ယခင်က ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂%) တို့အား ကင်းလွတ်ခွင့်ပြုထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ အခြေခံကုန်စည်ဈေးနှုန်းများ ထိန်းညှိနိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ သက်သာစေရေးအတွက် အဆိုပါအခွန်ကင်းလွတ်ခွင့်ကာလကို ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် မေ ၃၁ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအပေါ် အဆိုပါ အခွန်ကင်းလွတ်ခွင့် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ယခုကဲ့သို့ အခွန်ကင်းလွတ်ခွင့် တိုးမြှင့်ပေးခြင်းသည် ပြည်တွင်းကုန်စည်စီးဆင်းမှု ချောမွေ့စေရေးနှင့် ပြည်သူလူထုအတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ သက်သာတည်ငြိမ်စေရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။