
(ပြည်တွင်း) မေ ၇
ကော့ကရိတ်မြို့နယ် မီးသတ်စခန်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအောင်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့သည် မေလ ၇ ရက် နံနက် ၉ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် မီးလောင်မှုဖြစ်ပွားချိန်တွင်သာ မီးသတ်တပ်ဖွဲ့၏အရေးပါမှုကို သတိပြုကြကြောင်း၊ မီးသတ်ယာဉ်များနှင့် တပ်ဖွဲ့ဝင်များ၏ တန်ဖိုးကို ပြည်သူလူထုအား ပိုမိုသိရှိစေရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ထို့အပြင် အရေးပေါ်မီးလောင်မှုများအတွက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြည်သူများလွယ်ကူစွာ သိရှိနိုင်ရန် ပြန်ကြားရေးအကောင့်များမှတစ်ဆင့် ထုတ်ပြန်ပေးရန်၊ ရပ်ကွက်အလိုက် မီးဘေးအသိပညာပေးဟောပြောပွဲများ၊ သရုပ်ပြပွဲများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးကလည်း ကိုဗစ်ကာလအထိ မီးသတ်တပ်ဖွဲ့အင်အားကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းအခြေအနေများကြောင့် အင်အားလျော့နည်းလာကြောင်း၊ မီးသတ်တပ်ဖွဲ့သည် အခြားဝန်ထမ်းများနှင့်မတူဘဲ ၂၄ နာရီ တာဝန်ထမ်းဆောင်ရသည့် အရေးကြီးအဖွဲ့အစည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အရန်မီးသတ်ဖွဲ့စည်းရေးနှင့် တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ရေးကို စနစ်တကျ စည်းရုံးဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ခရိုင်မီးသတ်ဦးစီးမှူးကလည်း မီးဘေးလုံခြုံရေးအဖွဲ့များကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရပ်ကွက်အလိုက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးမြှင့်ဖွဲ့စည်းနိုင်ပါက လုံခြုံရေးပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။
ထို့ပြင် မီးသတ်ယာဉ်ပြင်ဆင်ရေးအတွက် ဘတ်ဂျက်တိုးမြှင့်ရန်လိုအပ်ခြင်း၊ ဆီခွဲဝေသတ်မှတ်မှုနှင့် ပြင်ပစျေးနှုန်းကွာဟမှုများကြောင့် လုပ်ငန်းလည်ပတ်မှုအခက်အခဲရှိနေခြင်းများကိုလည်း တင်ပြခဲ့သည်။ ရေအလွယ်တကူရရှိနိုင်ရန် ရေစုပ်စက်တပ်ဆင်ရန်နေရာများကိုလည်း အကြံပြုတင်ပြခဲ့ကြောင်း သိရသည်။
ကွင်းဆင်းလေ့လာမှုအတွင်း မီးသတ်လိုင်းခန်းများ၊ ဝန်ထမ်းအိမ်ရာများကိုလည်း စစ်ဆေးခဲ့ပြီး အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန်နှင့် ခေတ်မီအဆောက်အအုံများအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကော့ကရိတ်မြို့၊ အမှတ် ၆ရပ်ကွက် တေဇ ၅လမ်းကွန်ကရစ်ခင်းခြင်း၊ အရှည်ပေ ၃၈၀၊အနံ ၁၄ပေ၊ အမြင့် ၀-၆၊ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၃၄ .၅၈၀ဖြင့်လုပ်ငန်းဆောင်ရွက် ပြီးစီးတော့မည့်အခြေအနေကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် ဘတ်ဂျက်ခွင့်ပြုချက်များနှင့် လုပ်ငန်းညှိနှိုင်းမှုများ အမြန်ဆောင်ရွက်ပေးရန်လည်း တင်ပြထားကြောင်း သိရသည်။