
(နိုင်ငံတကာ)မေ ၅
လေးနှစ်တာကာလအတွင်း ရောက်ရှိလာပြီဖြစ်သော ရုရှား-ယူကရိန်းစစ်ပွဲတွင် နှစ်ဖက်စလုံးက ကွဲပြားခြား နားသော တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး (Ceasefire)များကို အသီးသီး ကြေညာလိုက်ကြသည်။
ရုရှားနိုင်ငံက ၎င်းတို့၏ အပစ်အခတ်ရပ်စဲရေးမှာ မေလ ၈ ရက်မှ ၉ ရက်အထိ ဖြစ်မည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။ အဆိုပါရက်မှာ မော်စကိုမြို့၌ ကြီးကျယ်ခမ်းနားသော စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပလေ့ရှိသည့် (ဒုတိယကမ္ဘာစစ်အတွင်း အောင်ပွဲ ရခဲ့သော) ‘မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့’ ဖြစ်သည်။ ယင်းနောက်တွင်မှ ကိယက်ဗ် (ယူကရိန်း) က ၎င်းတို့၏ ကိုယ်ပိုင်အပစ်အခတ်ရပ်စဲရေးကို မေလ ၅ ရက်မှ ၆ ရက်တွင် သီးခြားအပစ်အခတ်ရပ်စဲသွားမည်ဟု တုံ့ ပြန်ကြေညာခဲ့သည်။
“ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ အဆင့်မြင့်ဆုံးစစ်သေနာပတိချုပ် ဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်မှ ၉ ရက်အထိ အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်သည်။ ယူကရိန်းဘက်ကလည်း ဤအတိုင်း လိုက်နာလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်” ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကမူ ရုရှားထံမှ တရားဝင် အသိပေးချက်တစ်စုံတစ်ရာ မရရှိသေးကြောင်းနှင့် ယူကရိန်းအနေဖြင့် သီးခြားအပစ်အခတ်ရပ်စဲရေးကို အင်္ဂါနေ့ (မေလ ၅ ရက်) သန်း ခေါင်ယံအချိန်မှ စတင်ကာ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း မကြာမီမှာပင် ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မော်စကိုမြို့ရှိ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို နှောင့်ယှက်ရန် ယူကရိန်းဘက်က ကြိုးပမ်းလာပါက ကိယက်ဗ်မြို့လယ်ခေါင်ကို ပြင်းထန်သော ဒုံးကျည်လက်တုံ့ပြန်မှုများ ပြုလုပ်မည်ဟု သတိပေးထားသည်။ ထို့ပြင် ကိယက်ဗ်မြို့ခံများနှင့် နိုင်ငံခြားသံရုံးဝန်ထမ်းများအနေ ဖြင့် မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာသွားကြရန်ပါ ထည့်သွင်းပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇလန်းစကီးကမူ ရုရှားသည် ၎င်းတို့၏ စစ်ရေးပြပွဲတွင် စစ်လက်နက်ကိရိယာများ ထုတ်ဖော်မပြသတော့ခြင်းမှာ ယူကရိန်းဒရုန်းများကို ကြောက်ရွံ့နေခြင်းဖြစ်ပြီး ရုရှား၏ အားနည်းချက်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ “ဘယ်လို နှစ်ပတ်လည်နေ့ထက်မဆို လူသားတွေရဲ့ အသက်က ပိုတန်ဖိုးရှိပါတယ်” ဟု ၎င်းက ဆိုကာ ရုရှားအနေဖြင့် စစ်ပွဲကို အဆုံးသတ်ရန် လက်တွေ့ကျကျ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဒေါ်နယ်ထရန့်နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုစဉ်အတွင်း ပူတင်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် ပထမဆုံး အဆိုပြုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ယူကရိန်းဘက်က ၎င်းတို့အနေ ဖြင့် ဝါရှင်တန်ထံမှ အသေးစိတ် အချက်အလက်များကို ရယူသွားမည်ဟု ပြောကြားခဲ့သလို၊ လုံခြုံရေး အာမခံချက်များပါဝင်သည့် ရေရှည်အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အခြေချမှုကိုသာ ထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ရုရှား၏ ယူကရိန်းကျူးကျော်စစ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အသွေးအစွန်းဆုံး ပဋိပက္ခဖြစ်လာခဲ့ပြီး လူပေါင်းသိန်းချီ သေဆုံးကာ သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
#RussiaUkraineWar #Ceasefire #Zelenskyy #Putin #VictoryDay #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN