
(ပြည်တွင်း) မေ ၅
ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေး ကိစ္စရပ်များနှင့်ပတ်သက်သည့်တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အထက(၂)ခန်းမတွင် ယနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပြီး အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ရှိ နေအိမ်မီးလောင်ပျက်စီး ဆုံးရှုံးသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းနိုင်၊အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူး၊မြို့နယ်စိစစ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ အမှတ်(၅)ရပ်ကွက်မှ (၁၃၇)ဦးနှင့် အမှတ်(၆)ရပ်ကွက်မှ (၁၂)ဦး၊ စုစုပေါင်း (၁၄၉)ဦး တက်ရောက်ခဲ့ ကြေကာင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမှန်တကယ်မြေပြင်လက်တွေ့အကောင်အထည်ဖော်နိုင်ရေး မီးလောင်ဆုံးရူံးတဲ့နေအိမ်ပိုင်ရှင်နဲ့တွေ့ဆုံပြီး မီးလောင်ဆုံးရူံးခဲ့ရတဲ့နေအိမ်တွေကိုရှင်းလင်းနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“မီးလောင်ဆုံးရူံးတဲ့နေအိမ်ပိုင်ရှင်များအနေဖြင့် မီးလောင်ထားသည့်နေအိမ်များအား အစိုးရအစီအစဉ်ဖြစ်သည့် ယာဉ်ယန္တားရားများဖြင့်ဖျက်သိမ်းခြင်း၊ မိမိအစီအစဉ်ဖြင့်ဖျက်သိမ်းခြင်းစသည်တို့ကို မိမိစိတ်ကြိုက်ရွေးချယ်ဆောင်ရွက်နိုင်ပြီး မြေနေရာရှင်းလင်းပြီးပါက မိမိမူလနေရာမှာပင် အိမ်ပြန်ဆောက်ရန်အတွက် မြေပိုင်ဆိုင်မှုအတိုင်းမြေကွက်ရိုက်ပေးခြင်း ချက်ချင်းအိမ်ပြန်ဆောက်မည်ဆိုပါက ပြည်နယ်အစိုးရမှ ဘိလပ်မြေနှင့်သွပ်များထောက်ပံ့ပေးမည်ဖြစ်ပြီး၊ ထောက်ပံ့ပေးသည့် အစိုးရမှထောက်ပံ့ပေးသည့် ဘိလပ်မြေအိတ်ထက်ပိုမိုလိုအပ်လျှင် အစိုးရဈေးနူန်းဖြင့် ဝယ်ခွင့်ရရှိအောင်ကူညီဆောင်ရွက်ပေးမည်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်မှ ပြောသည်။
ထို့အပြင် အိမ်ဆောက်ပစ္စည်းလိုအပ်ချက်များအတွက် ဝယ်ယူနိုင်အောင် ချိတ်ဆက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းအိမ်ပြန်ဆောက်နိုင်သူကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ နောင်ချိန်မှ အဆင်ပြေအောင်ဆောင်ရွက်မည့်သူများကိုလည်း ထောက်ပံ့ပေးသွားမည်ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်မှ ပြောသည်။
တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရာသို့ တက်ရောက်လာကြသည့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံး သူများမှ နေအိမ်များပြန်လည်ဆောက်လုပ်ရာတွင် စည်ပင်အခွန်ကင်းလွှတ်ခွင့်ရရှိရေး၊ မြေပြင်ရှင်းလင်းပြီးပါက လတ်တလော နေအိမ်ဆောက်လုပ်နိုင်ခြင်းမရှိသေးခင် ယာယီ တဲထိုး၍ နေထိုင်ခွင့်ပြုရေး၊ နေအိမ်ဆောက်လုပ်ရန်အတွက် ဘားအံမှ ကော့ကရိတ်သို့ ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်ခွင့်ရရှိရေး၊ ပျက်စီးမှုအနည်းငယ်ရှိပြီး ဆောက်လုပ်ပြီးမကြာသေးသော နေအိမ်များအား ပြင်ဆင်၍ နေထိုင်ခွင့်ရရှိရေးနှင့် အဆောက်အဦ ခိုင်ခံ့မှုရှိ/မရှိ ကျွမ်းကျင်သူပညာရှင်များနှင့် စစ်ဆေးပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်သည်များအား ညှိနှိုင်းပြောဆိုခဲ့ကြပြီး မိုးမကျမီ မိမိတို့နေရပ်တွင် အိမ်ပြန်လည်ဆောက်လုပ်နေထိုင်ရေးအတွက် မိဘပြည်သူများမှလည်း လုပ်ငန်းစဉ်များကိုရှင်းလင်းသဘောပေါက်ပြီး ဝိုင်းဝန်းကူညီပူးပေါင်းပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နံနက်၁ဝ နာရီတွင် ကော့ကရိတ်မြို့ လိူင်ဝ အလက ကျောင်းခွဲတွင် လိူင်ဝ၊ ရေကျော်ကြီး၊ ရေကျော်လေးနှင့် အနီးနားရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကော့ကရိတ်ခရိုင်နှင့်မြို့နယ်လဝက ရုံးမှ ရက်၁၀၀စီမံချက်ဖြင့် ပြည်သူ့ဝန်ဆောင်မူဆောင်ရွက်ပေးနေသည့် နိုင်ငံသားကတ်အသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်း၊ UIDကတ်ပြုလုပ်ခြင်း၊ထုတ်ပေးခြင်းတို့ကို ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မူး၊ ခရိုင်စီမံကိန်းဦးစီးမှူးတို့နှင့်အတူ သွားရောက်ကြည့်ရူပြီး ပြည်သူ့ ဝန်ဆောင်မူနှင့်ပတ်သက်သည့် သိကောင်းစရာများကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။