(ပြည်တွင်း) မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ မေလ ၅ ရက်နေ့ နံနက် ၈ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန၏ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဌ ဦးကျော်မြင့်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်တို့အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၀၀) ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်အတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များအား စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။

ထို့ပြင် စံပြ(အမြန်လမ်း) မီးသတ်စခန်းဆုရရှိသူများ၊ ဌာနတွင်းနှင့် ပြင်ပသင်တန်းများတွင် ဆုရရှိသူများ၊ ပြိုင်ပွဲများတွင် ထူးချွန်ခဲ့သူများအားလည်း ဂုဏ်ပြုလက်မှတ်များနှင့် ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို Video Clip ဖြင့် ပြသခဲ့ပြီး နှစ်(၈၀)ပြည့် အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများနှင့် ဧည့်သည်တော်များထံ ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် ခေတ်မီ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်ကိရိယာများကို ခင်းကျင်းပြသထားမှုများနှင့် 191 Report Mobile Application ကို တက်ရောက်လာသူများ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
#PAN