အီးယူနှင့် တောင်အမေရိက Mercosur အုပ်စုကြား ကုန်သွယ်ရေးသဘောတူညီချက် ယာယီစတင်သက်ရောက်

(နိုင်ငံတကာ)မေ ၂

     ​​ဥရောပသမဂ္ဂ (EU) နှင့် တောင်အမေရိက၏ Mercosur အုပ်စု (ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေးနှင့် ပါရာဂွေး) တို့အကြား ၂၅ နှစ်ကြာ အချိန်ယူညှိနှိုင်းခဲ့ရသည့် သမိုင်းဝင် လွတ်လပ်သောကုန်သွယ် ရေး သဘောတူညီချက်သည် သောကြာနေ့တွင် ယာယီအားဖြင့် စတင်သက်ရောက်လာပြီဖြစ်သည်။

​     ဤသဘောတူညီချက်ကြောင့် စားသုံးသူ ၇၂၀ သန်းနှင့် ခန့်မှန်းခြေတန်ဖိုး ဒေါ်လာ ၂၂ ထရီလီယံရှိပြီး ကမ္ဘာ့ဂျီဒီပီ (GDP) ၏ ၃၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသော ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနယ်မြေများထဲမှ တစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤစာချုပ်အရ နှစ်ဖက်ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်တွင် အကောက်ခွန်များ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ရာ ဥရောပထုတ် မော်တော်ကား၊ ဝိုင်နှင့် ဒိန်ခဲများသာမက တောင်အမေရိကထုတ် အမဲသား၊ ကြက် သား၊ ဆန်နှင့် ပဲပိစပ်များလည်း အပြန်အလှန် ပိုမိုတင်ပို့နိုင်တော့မည်ဖြစ် သည်။

​     ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗားက ဤသဘောတူညီချက်သည် ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ချမှတ်ခဲ့သော တစ်ဖက်သတ်အကောက်ခွန်တိုးမြှင့်မှုများအပေါ် တုံ့ပြန်မှုဖြစ်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကလည်း ယခုသဘောတူညီချက် သည် နှစ်ဖက်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် လယ်သမားများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ဆိုသည်။

​     သို့သော်လည်း ဤသဘောတူညီချက်မှာ “ယာယီ” အဆင့်တွင်သာ ရှိနေသေးပြီး အီးယူတရားစီရင်ရေးအဖွဲ့၏ ကန့်ကွက်မှုကို ရင်ဆိုင်နေရသည်။ အကယ်၍ ဥရောပတရားရုံးက ဥက္ကဋ္ဌ ဗွန်ဒါလီယန်၏ လုပ်ဆောင် ချက်ကို ပယ်ချခဲ့လျှင် စာချုပ်မှာ ရပ်တန့်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့အပြင် ဥရောပရှိ လယ်သမားများကလည်း စျေးပေါသော တောင်အမေရိကသွင်းကုန်များကြောင့် ၎င်းတို့၏အကျိုးစီးပွား ထိခိုက်မည်ကို စိုးရိမ်သဖြင့် ကန့်ကွက်ဆန္ဒပြမှုများ ရှိနေသည်။

​#EU #Mercosur #TradeDeal #Brazil #Germany #GlobalEconomy #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN