ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဥ်တိုက်မှုဖြစ်ပွား

(မှုခင်း) ဧပြီ ၂၅

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၂/၇- ၁၅၃/၀ နေပြည်တော်မှ ရန်ကုန် သို့ (အပြန်လမ်း) တွင် ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄နာရီ၂၅မိနစ်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၂/၇- ၁၅၃/၀အရောက်တွင် ယာဉ်မောင်းပါကျား(၃) မ(၁) ပေါင်း (၄)ဦး လိုက်ပါလာသည့် Light Truck အမျိုးအစား အဖြူရောင် ယာဉ်သည် အမြန်လမ်းမကြီး ပုံမှန် (လက်ယာဘက်)ယာဉ်ကြောမှ မောင်းနှင်ရာမှ ရုတ်တရက် နောက်သို့ ယာဉ်ကြောရှင်းမရှင်း မစစ်ဆေးဘဲ (လက်ဝဲဘက်)ရှိ “ဂ”ကွေ့သို့ ချိုးကွေ့ လိုက်သဖြင့် လားရာတူ အနောက်မှ လိုက်ပါလာသော ယာဉ်မောင်းပါကျား(၂) လိုက်ပါလာသည့် Lexus အမျိုး အစား အနက်ရောင်ယာဉ်မှ တိုက်မိရာ Lexus ယာဉ်မှာ လမ်းလယ်ကျွန်းသို့ ရောက်ရှိ တိမ်းမှောက် ခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်မှ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း lexusယာဉ်မှ ယာဉ်ပေါ်ပါလာသူကျား(၁)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အမြန်လမ်း အသုံးပြုသူ ယာဉ်မောင်းများအနေဖြင့် ပုံမှန်မောင်းနှင်ပါက လက်ယာ ဘက်ကပ် မောင်းကြပါရန်နှင့် ကျော်တက်ရန်အတွက်သာ လက်ဝဲဘက်ယာဉ်ကြောကို သုံးစွဲကြပါရန် /သတိထား ၍ မောင်းနှင်ကြပါရန် မြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ မေတ္တာရပ်ခံထာကြောင်း သိရသည်။