မြစ်ကြီးနား-ကာမိုင်း-ဖားကန့် ကားလမ်းပကို KIA ရက်အကန့်အသတ်မရှိ ပိတ်ထား

(ပြည်တွင်း) ဧပြီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေမှုကြောင့် မြစ်ကြီးနား-ကာမိုင်း-ဖားကန့် ကားလမ်းပိုင်းကို KIA/PDF ပူးပေါင်းအဖွဲ့က ဧပြီလ ၂၂ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသတွင်းရှိ ဆိုင်းတောင်နှင့် လုံးခင်းကျေးရွာဘက်များတွင် တပ်မတော်စစ်ကြောင်းများ ထိုးစစ်ဆင်ရန် ပြင်ဆင်နေမှုများကြောင့် ယခုရက်ပိုင်းအတွင်း နှစ်ဖက်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ယင်းစစ်ရေးတင်းမာမှုများကြောင့် မြစ်ကြီးနား-ကာမိုင်း-ဖားကန့် ကားလမ်းပိုင်းကို ပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝှေခါလမ်းပိုင်းတွင်လည်း ငွေကြေးကောက်ခံမှုများရှိနေခြင်းကြောင့် ကားသမားအချို့မှာ ကားမထွက်သေးကြောင်း သိရသည်။

လက်ရှိပိတ်ထားသည့် လမ်းပိုင်းမှာ KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၆) က ထိန်းချုပ်ပိတ်ထားခြင်းဖြစ်ပြီး ဒေသခံများနှင့် ကုန်တင်ယာဉ်များမှာ ဝှေခါလမ်းပိုင်းကိုသာ အဓိက အသုံးပြုနေရကြောင်း သိရသည်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျရောက်မှုများကြောင့် ဒေသခံသေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကာ အခြေခံကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည့် အခြေအနေများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။