


(ပြည်တွင်း) ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရေပေါ်သောင်ကျေးရွာတွင် နွေစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါး၊ ဓါတ်မြေသြဇာနှင့် တိုက်ရိုက်အစေ့ချ ကရိယာများ ပေးအပ်ထောက်ပံ့ပွဲအခမ်းအနားကို ဧပြီ ၂၃ ရက် နံနက် ၀၇၁၅ နာရီမှ ၀၈၁၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ရေပေါ်သောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ဦးစံမောင်ပိုင် ကွင်းအမှတ် (၁၂၃/က)၊ ဦးပိုင်အမှတ် (၅၉) လယ်မြေပေါ်တွင် ကျင်းပခဲ့ပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားသည့် ဆင်းသုခစပါးမျိုး နွေစပါးစံပြကွက်အား ရိတ်သိမ်းပြသခဲ့သည်။



အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာထူးမောင်၊ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသော်၊ မှော်ဘီခရိုင်နှင့် ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို အစီအစဉ် ၉ ရပ်ဖြင့် ကျင်းပခဲ့ပြီး မှော်ဘီခရိုင်စီမံကော်မတီဥက္ကဋ္ဌမှ ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအခြေအနေကို တင်ပြခဲ့သလို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူကလည်း တိုင်းအတွင်း စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် တောင်သူများထံ ထောက်ပံ့ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနမှ လယ်ယာမြေ ရေအသုံးချမှုဆိုင်ရာ အချက်အလက်များကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။


ထို့နောက် ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားပြီး တိုက်ရိုက်အစေ့ချ ကရိယာ (Seeder) များနှင့် ဆိုလာ ၂ ချပ်တွဲစနစ်များကို တောင်သူများထံ ပေးအပ်ထောက်ပံ့ခဲ့သည်။ အခမ်းအနားအတွင်း တောင်သူ ဦးစံမောင်၏ စံပြလယ်မြေတွင် နွေစပါး ရိတ်သိမ်းနေမှုကိုလည်း ကြည့်ရှုခဲ့ကြသည်။
အခမ်းအနားပြီးဆုံးပြီးနောက် ၀၈၂၀ နာရီတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေပေါ်သောင်ကျေးရွာရှိ ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထန်းတပင်မြို့နယ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။