(ပြည်တွင်း) ဧပြီ ၂၂

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး H.E. Mr. Xu Qin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှည်လျားကောင်းမွန်ခဲ့မှု၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဆက်ဆံမှု အခြေအနေများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် မြန်မာနိုင်ငံနှင့် ဟေလုံကျန်းပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ကာ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ရေး၊ အဆင့်မြင့်ခေါင်းဆောင်များ အပြန်အလှန် ခရီးစဉ်များ ဆက်လက်ပြုလုပ်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် သိပ္ပံနှင့်နည်းပညာ၊ စက်မှု၊ စိုက်ပျိုးရေး၊ လုံခြုံရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ လူငယ်နှင့် ပညာရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးအပေါ်လည်း ဆွေးနွေးခဲ့ကြသည်။
စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာထုတ်ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ စွမ်းအင်ကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးတို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအသင်း (MCITP)မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံ ဟာဘင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို ညီအမမြို့များအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအပေါ်လည်း ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တက်ရောက်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။