

(ပြည်တွင်း) ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် (၄၁) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယင်းအစီအစဉ်အတွင်း ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းကူညီဆောင်ရွက်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများကို ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူနေကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းနှီးစွာ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က လစဉ်အငြိမ်းစားဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် လစဉ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို မြို့နယ် (၂၈) မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများတွင် ဆောင်ရွက်လျက်ရှိပြီး လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁) လစာ ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းနှင့် အခြေခံစားသုံးကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။