ဆွေးနွေးပွဲများ မရေမရာဖြစ်နေချိန်အတွင်း အပစ်ရပ်သက်တမ်းတိုးရန် ထရန့် ငြင်းဆို

(နိုင်ငံတကာ) ဧပြီ ၂၁

     ​အမေရိကန်နှင့် အီရန်အကြား ချမှတ်ထားသည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသည် လာမည့်ဗုဒ္ဓဟူး နေ့ (မနက်ဖြန်) တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော်လည်း၊ ညှိနှိုင်းမှုများအတွက် အချိန်ပိုပေးရန် အပစ်ရပ်သက်တမ်းတိုးမြှင့်ပေးဖို့ သမ္မတဒေါ်နယ်ထရန့်က ငြင်းဆိုလိုက်သည်။

​     သမ္မတထရန့်သည် CNBC နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဆွေးနွေးပွဲများအတွက် အပစ်ရပ်စဲရေးကို ထပ်မံဆွဲဆန့်ပေးရန် ဆန္ဒမရှိကြောင်း အတိ အလင်း ပြောကြားခဲ့သည်။ အကယ်၍ ဗုဒ္ဓဟူးနေ့ ကုန် ဆုံးသည်အထိ သဘောတူညီချက်မရရှိပါက “ဗုံးများစွာ စတင်ပေါက်ကွဲတော့မည်” ဟု ဆိုကာ စစ်ပွဲပြန် လည်စတင်ရန် အမေရိကန်စစ်တပ်မှာ အသင့်ရှိနေကြောင်း ပြင်းထန်စွာ သတိပေးခဲ့သည်။ “သူတို့မှာ အခြားရွေး ချယ်စရာမရှိဘူး၊ ကျွန်တော်တို့က သူတို့ရဲ့ ရေတပ်၊ လေတပ်နဲ့ ခေါင်းဆောင်တွေကို ချေမှုန်းပြီးပြီ” ဟု ထရန့်က ဆိုသည်။

​     အီရန်ဘက်ကလည်း ခြိမ်းခြောက်မှုများအောက်တွင် အလျှော့ပေးညှိနှိုင်းမည်မဟုတ်ကြောင်း အာခံလျက်ရှိသည်။ အထူးသဖြင့် အစ္စရေး၏ လက်ဘနွန်အပေါ် တိုက်ခိုက်မှုများနှင့် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုများကြောင့် အီရန်ဘက်က ဒေါသထွက်နေပြီး၊ ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယခုအချိန်အထိ အတည်ပြုခြင်း မရှိသေးပေ။

​     ကမ္ဘာ့ရေနံလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက် ကြားအရေးသည် အဓိက အငြင်းပွားဖွယ်ဖြစ်နေသည်။ အမေရိကန်က အီရန်သင်္ဘောများကို စီးနင်းသိမ်းဆည်းကာ ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းကို အီရန်က”ပင်လယ် ဓားပြလုပ်ရပ်” ဟု ပြစ်တင်ရှုတ်ချထား သည်။ ယင်းတင်းမာမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အမေရိကန်နိုင်ငံအတွင်း၌ပင် စက်သုံးဆီစျေးနှုန်းမှာ စစ်စတင်ချိန်မှစ၍ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

​     ထရန့်က အီရန်ရှိ တံတားများ၊ လျှပ်စစ်နှင့် ရေပေးဝေရေးစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားပြီး အမေရိကန်စစ်တပ်မှာ “အပြည့် အစုံပြင်ဆင်ထားပြီး (Totally loaded up)” ဖြစ် ကြောင်း ပြောကြားသည်။ အီရန်ဘက်ကလည်း မိမိတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ရနိုင်သည့်နည်းလမ်းအားလုံး အသုံးပြုမည်ဟု တုံ့ပြန်ထားရာ၊ မနက်ဖြန် အပစ်ရပ်သက်တမ်းကုန်ဆုံးချိန်တွင် စစ်ပွဲကြီးတစ်ကျော့ပြန် ပြင်းထန်လာမည့်အရေးကို တစ်ကမ္ဘာလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

​#USIranConflict #DonaldTrump #CeasefireExpire #StraitOfHormuz #GlobalOilPrice #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN