ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၇၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

(ပြည်တွင်း) ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်တွင် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် နံနက်ပိုင်း၌ မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား/သူများ လွှတ်ပေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော်သမ္မတ၏ အမိန့်အမှတ် (၃၉/၂၀၂၆၊ ၄၀/၂၀၂၆၊ ၄၁/၂၀၂၆) များအရ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား ၅၄ ဦးနှင့် အကျဉ်းသူ ၁၉ ဦး စုစုပေါင်း ၇၃ ဦး လွတ်မြောက်ခွင့်ရရှိခဲ့ကြသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦး၊ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများ၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့် ဒေသဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့ကြပြီး လွတ်မြောက်မည့် အကျဉ်းသား/သူများအား ဥပဒေလိုက်နာရေးနှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆုံးမအမှာစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိမှ လွတ်မြောက်လာသူများအား ခရီးစရိတ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး နံနက် ၉ နာရီ ၄၀ မိနစ်တွင် အကျဉ်းသား/သူ ၇၃ ဦးအား လွှတ်ပေးခဲ့ကြောင်း သိရသည်။

PAN