(မှုခင်း) ဧပြီ ၁၅

၂၀၂၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုက္ကလိကျေးရွာအုပ်စု ငွေသောင်ယံကျေးရွာအနောက်ဘက် လယ်ကွင်းအတွင်းရှိ တဲတစ်လုံးတွင် အရပ်သားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဦးဝင်းသန်း (ခေါ်) ခေါင်းဖြူ (၆၅ နှစ်) ဖြစ်ပြီး လယ်လုပ်လုပ်ကိုင်သည့် ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အရ အမည်မသိ လက်နက်ကိုင် သုံးဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးဝင်းသန်းမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖြစ်စဉ်အသေးစိတ်နှင့် တရားခံများအား ဖော်ထုတ်နိုင်ရေး ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိပြီဖြစ်ကြောင်း သိရသည်။