
(နိုင်ငံတကာ) ဧပြီ ၁၄
အီတလီနိုင်ငံသည် အစ္စရေးနှင့် ချုပ်ဆိုထားသော စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာ သုတေသနလုပ်ငန်းများ ဖလှယ်သည့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ကြောင်း ဝန်ကြီး ချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) က ပြောကြားခဲ့သည်။
“လက်ရှိ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး အစိုးရအနေနဲ့ အစ္စရေးနဲ့ ချုပ်ဆိုထားတဲ့ ကာကွယ်ရေး သဘောတူညီချက်ကို အလိုအလျောက် သက်တမ်းတိုးမယ့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု မယ်လိုနီက ဗီရိုနာမြို့ (Verona) တွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် အင်္ဂါနေ့က ပြောကြားခဲ့ကြောင်း အီတလီသတင်းဌာနများဖြစ်သည့် ANSA နှင့် AGI က ဖော်ပြခဲ့သည်။
အဆိုပါ ၂၀၀၅ ခုနှစ်က ချုပ်ဆိုခဲ့သော သဘောတူညီချက်သည် သင်္ဘောတည်ဆောက်ရေး၊ ရေတပ်လက် နက်စနစ်များနှင့် သတင်းအချက်အလက် နည်းပညာအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
မယ်လိုနီ၏ လက်ယာယိမ်းအစိုးရသည် ဥရောပတွင် အစ္စရေး၏ အရင်းနှီးဆုံး မဟာမိတ်များထဲမှ တစ်ခုဖြစ်သော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ဝေဖန်ပြောကြားခဲ့သည်။ အင်္ဂါနေ့က ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အစ္စရေးအစိုးရဘက်မှ ချက် ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း လက်ဘနွန်ရှိ အီတလီငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့၏ ယာဉ်တန်းကို အစ္စရေးတပ်ဖွဲ့များက သတိပေးပစ်ခတ်ခဲ့သည်ဟု အီတလီအစိုးရက စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အီတလီသည် အစ္စရေးသံအမတ်ကို ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့သည်။ ယင်းဖြစ် စဉ်တွင် လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း အနည်း ဆုံး ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အစ္စရေးတပ်ဖွဲ့များက လက်ဘနွန်အရပ် သားများအပေါ် “လက်ခံနိုင်ဖွယ်မရှိသော တိုက်ခိုက်မှုများ” လုပ်ဆောင်နေသည်ဟု အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာယာနီ (Antonio Tajani) က ဝေဖန်ခဲ့ပြီးနောက် တနင်္လာနေ့တွင် အစ္စရေးဘက်ကလည်း အီတလီသံအမတ်ကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ တာယာနီသည် တနင်္လာနေ့က ဘေရွတ်မြို့သို့ သွားရောက်ကာ လက်ဘနွန်သမ္မတ ဂျိုးဇက် အောင်းန်(Joseph Aoun) နှင့် နိုင်ငံခြားရေးဝန်ကြီး ယူဆက်ဖ် ရာဂီ(Youssef Raggi) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းက X လူမှုကွန် ရက်ပေါ်တွင် “အစ္စရေးရဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ အရပ် သားတွေအပေါ် တိုက်ခိုက်မှုတွေအပြီးမှာ အီတလီရဲ့ စာနာမှုကို ပြသဖို့ ရောက်ရှိနေတာဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။
#ItalyVsIsrael #DefenseAgreement #LebanonConflict #GiorgiaMeloni #InternationalRelations #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN