
(နိုင်ငံတကာ) ဧပြီ ၁၂
အမေရိကန်နှင့် အီရန်တို့ ပါကစ္စတန်တွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြစဉ်အတွင်း ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးတွင် အရေးပါဆုံးဖြစ်သည့် ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးဆိုင်ရာ အပြန်အလှန် စိန်ခေါ်မှုများ ပေါ်ပေါက်လာခဲ့သည်။
အမေရိကန် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ အမေရိကန်ဖျက်သင်္ဘော နှစ်စင်းဖြစ်သည့် USS Frank E Peterson နှင့် USS Michael Murphy တို့သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ အာရေဗျပင်လယ် ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းမှာ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) က ချထားခဲ့သည့် ရေမိုင်းများကို ဖယ်ရှားရှင်းလင်းပြီး ဘေးကင်းသော ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖော်ဆောင်ရန်ဖြစ်ကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ် ဘရတ်ကူးပါးက အတည်ပြုခဲ့သည်။
သို့သော် အီရန်စစ်တပ်၏ Khatam al-Anbiya ဗဟိုစစ်ဌာနချုပ်ကမူ အမေရိကန်၏ ပြောကြားချက်မှာ လုံးဝမှားယွင်းကြောင်းနှင့် ရေလက်ကြားအတွင်း အမေရိကန်သင်္ဘောများ ဝင်ရောက်လာခြင်း မရှိကြောင်း ချက်ချင်းတုံ့ပြန်ခဲ့သည်။ “ရေလက်ကြားအတွင်း သင်္ဘောများ သွားလာခွင့်ကို အီရန်လက်နက်ကိုင်တပ်ဖွဲ့များကသာ အပြည့်အဝ ထိန်းချုပ်ထားသည်” ဟု အီရန်ဘက်က ဆိုသည်။
အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်နေသော အမေရိကန်-အီရန် ထိပ်သီးဆွေးနွေးပွဲတွင်လည်း ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်ထိန်းချုပ်ခွင့်မှာ အဓိက အဟန့်အတား ဖြစ်နေသည်။ အီရန်နိုင်ငံက ရေလက် ကြားကို ကူးသန်း ရောင်းဝယ်ရေးအတွက် ပြန်ဖွင့်ပေးမည်ဖြစ်သော်လည်း စစ်လျော်ကြေးရရန်အတွက် ဖြတ်သန်းခွင့်အခွန် (Tolls) ကောက်ခံလိုသည်။
ဆန့်ကျင်ဘက်အနေဖြင့် အမေရိကန်ကမူ အဆိုပါရေလမ်းကြောင်းအပေါ် အီရန်က ဆက်လက်ထိန်းချုပ်ထားမည့် အစီအစဉ်မှာ လုံးဝလက်ခံနိုင်စရာမရှိကြောင်း (Non-starter) ပြောဆိုခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုကွန်ရက်မှတစ် ဆင့် “အီရန်သည် စစ်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်နေပြီဖြစ် ကြောင်း၊ အီရန်၏ မိုင်းချသည့် လှေ ၂၈ စင်းလုံးကိုလည်း ဖျက်ဆီးပြီးဖြစ်ကြောင်း” ရေးသားခဲ့သည်။
အကယ်၍ စစ်ပွဲအဆုံးသတ်ရာတွင် ရေလက်ကြားကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိပါက ယင်းကို အမေရိကန်အတွက် မဟာဗျူဟာမြောက် ကျရှုံးမှုအဖြစ် ရှုမြင်ကြလိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ထားကြသည်။
#StraitOfHormuz #USNavy #Iran #Trump #CENTCOM #GlobalEconomy #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN