သံလွင်မြစ်ထဲရေဆင်းကူးသည့် ကလေး ၂ ဦး ရေနစ်သေဆုံး

(ပြည်တွင်း) ဧပြီ ၁၂

ဘားအံမြို့အနီးရှိ သံလွင်မြစ်သောင်ထွန်းနေရာတွင် ကလေးနှစ်ဦး ရေကူးစဉ် ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာရှိ လင်းနို့ဂူအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေး ကျား(၂)ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

သတင်းရရှိပြီးနောက် မြိုင်ကလေးနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ချက်ချင်းထွက်ခွာကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။​

ရေနစ်သူက​လေးငယ်နှစ်ဦးအနက် တစ်ဦးကို ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့သည့်အတွက် မာဃ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသော တစ်ဦးကို ဆက်လက်ရှာဖွေခဲ့ရာ ဧပြီ ၁၂ ရက်နေ့ မနက် ၈ နာရီ ၄၀ မိနစ်တွင် ထပ်မံတွေ့ရှိခဲ့သည့်အတွက် နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

#PAN