
(နိုင်ငံတကာ) ဧပြီ ၉
အမေရိကန်နှင့် အီရန်တို့အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက်၊ နှစ်ဖက်စလုံးက ၎င်းတို့ကိုယ်တိုင် စစ်ပွဲ၏ အစစ်အမှန် အောင်နိုင်သူများဖြစ်ကြောင်း အသီးသီး ကြေညာခဲ့ကြသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အီရန်၏ ကာကွယ်ရေးစွမ်းရည်ကို အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့ပြီဟု ဆိုသော်လည်း တီဟီရန်ဘက်ကမူ ယခုအပစ်ရပ်စဲရေးမှာ အမေရိကန်၏ ကျူးကျော်မှုကို တွန်း လှန်နိုင်ခဲ့သည့် သမိုင်းဝင် အောင်ပွဲဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) က Operation Epic Fury စစ်ဆင်ရေးသည် စစ်ရေးအရ အပြတ်အသတ် အနိုင် ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အီရန်၏ ရေတပ်၊ လေကြောင်းရန်ကာ ကွယ်ရေးနှင့် ဒုံးကျည်ထုတ်လုပ်မှု အခြေခံအဆောက် အအုံများကို အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့သဖြင့် အီရန်အနေဖြင့် နောင်တွင် ဒုံးကျည်များ ထပ်မံတည်ဆောက်နိုင်တော့မည်မဟုတ်ကြောင်း ၎င်းက အလေးအနက် ပြောဆိုခဲ့သည်။
“ဒါဟာ စစ်ရေးအရ အစစ်အမှန် အောင်နိုင်မှုပါ။ အီရန်ဟာ ရွေးချယ်စရာလမ်း မရှိတော့တဲ့အတွက် အပစ်ရပ်စဲဖို့ တောင်းပန်ခဲ့ရတာပါ” ဟု ဟက်ဂ်ဆက်သ်က ဆိုသည်။ သို့သော်လည်း အီရန်၏ လက်ကျန်သန့်စင်ပြီး ယူရေနီယံများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုအပ်ပါက အတင်းအဓမ္မ သိမ်းယူသွားမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
တစ်ဖက်တွင်လည်း အီရန်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီက ယခုအခြေအနေကို အောင်ပွဲအဖြစ် ကြေညာကာ ပြည်သူများကို ဂုဏ်ပြုခဲ့သည်။ အီရန်နှင့် ၎င်း၏ ခုခံမှုဝင်ရိုးစွန်း (Axis of Resistance) အဖွဲ့ဝင်များသည် ရက်ပေါင်း ၄၀ အတွင်း ရန်သူကို ကမ္ဘာက မေ့ပျောက်နိုင်မည်မဟုတ်သည့် ထိုးနှက်ချက်များ ပေးနိုင်ခဲ့ကြောင်း IRNA သတင်းဌာနက ဖော်ပြ သည်။
အီရန်အာဏာပိုင်များက အောင်ပွဲ၏ အသေးစိတ်အချက်အလက်များကို အပြီးသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် ပြည်သူများအနေဖြင့် စည်း လုံးညီညွတ်စွာ ဆက်လက်ရပ်တည်ကြရန် တိုက်တွန်းထားသည်။
အပစ်ရပ်စဲရေး သဘောတူညီချက်အရ အီရန်သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့်ပြုရန် သဘောတူခဲ့သည်။ အကယ်၍ အပစ်ရပ်စဲရေး မူဘောင်ခိုင်မာပါက လာမည့် သောကြာနေ့တွင် ပါကစ္စတန်၌ အမေရိကန်နှင့် မတွေ့ဆုံမီ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက ဆို သည်။
စစ်ရေးလေ့လာသူ ထရီတာ ပါစီ (Trita Parsi) ကမူ သမ္မတထရန့်အနေဖြင့် ယခုစစ်ပွဲမှာ ကပ်ဘေးတစ်ခု ဖြစ်လာနေသည့်အတွက် ထွက်ပေါက်တစ်ခုအဖြစ် အပစ်ရပ်စဲရေးကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်သည်။ လာမည့် နှစ်ပတ်တာကာလသည် စစ်မှန်သော သံတမန်ရေးရာလမ်းစ ဖြစ်လာမလား သို့မဟုတ် တိုက်ပွဲများ ပြန်လည်စတင်မလားဆိုသည်မှာ အလွန်အရေးကြီးကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်း၌ ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး အီရန်ဘက်က အပစ်ရပ်စဲရေး ချိုးဖောက်ပါက တိုက်ပွဲများ ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကိန်းက သတိပေးထားပါ သည်။
#USIranWar #Hegseth #Trump #TehranVictory #MiddleEastCrisis #StraitOfHormuz #Geopolitics #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN