ဆီတန်းစီရန်ရပ်ထားသောယာဥ်အား ယာဥ်တစ်စီးမှ နောက်မှ ဝင်တိုက်မှုဖြစ်ပွား

(မှုခင်း) ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဆီတန်းစီရန်ရပ်ထားသောယာဥ်အား ယာဥ်တစ်စီးမှ နောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၄နာရီခွဲအချိန်က ရန်ကုန်-ပုသိမ် ကားလမ်း၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၂၆/၃) နှင့် (၂၆/၄) ကြားတွင် ရန်ကုန် မှ ပုသိမ် သို့မောင်းနှင်လာသော Nissan Diesel (အဖြူရောင်) ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ ဆီတန်းစီရန် ရပ်ထားသော Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှူဖြစ်ပွားသည့်နေရာသို့ ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်ပေါ်ပါ ကျား(၁)ဦး သေဆုံးခဲ့ပြီး ၎င်းအား ဆားမလောက်ကျေးရွာမှ နိဗ္ဗာန်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး Nissan Diesel (အဖြူရောင်) ယာဉ်ပေါ်ပါကျား (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဆားမလောက် တောင်သူလယ်သမား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။