အီရန်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန် သဘောတူညီခဲ့ပြီးနောက် ထရန့်က နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ထပ်မံကြေညာ

(နိုင်ငံတကာ) ဧပြီ ၈

     ကမ္ဘာတစ်ဝှမ်းလုံးက ထိတ်လန့်တကြား စောင့်ကြည့်နေရသည့် အရှေ့အလယ်ပိုင်း စစ်မီးကြီးသည် နောက် ဆုံးမိနစ်တွင် ရရှိခဲ့သော ယာယီသဘောတူညီချက်ကြောင့် ခေတ္တငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အပေါ် ဗုံးကြဲတိုက် ခိုက်မည့် အစီအစဉ်ကို နှစ်ပတ်ကြာ ဆိုင်း ငံ့ရန် သဘော တူညီလိုက်ကြောင်း ယနေ့တွင် ထုတ် ပြန်ကြေညာလိုက်သည်။

​     အင်္ဂါနေ့ညနေပိုင်း၊ သမ္မတထရန့် သတ်မှတ်ထားသော ရာဇသံသက်တမ်းကုန်ဆုံးရန် ၁ နာရီခွဲခန့်အလိုတွင် ထရန့်သည် ၎င်း၏ Truth Social မှတစ်ဆင့် အံ့အားသင့်ဖွယ် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဒီညမှာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်” ဟု ပြင်းထန်စွာ ခြိမ်း ခြောက်ခဲ့ပြီးနောက်၊ ပါကစ္စတန်အစိုးရ၏ ကြားဝင်စေ့စပ်ဖျန်ဖြေမှုကြောင့် တိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

​     ယခုသဘောတူညီချက်အရ အီရန်နိုင်ငံသည် ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို “အပြည့်အဝ၊ ချက်ချင်းနှင့် ဘေးကင်းလုံခြုံစွာ” ပြန် လည်ဖွင့်လှစ်ပေးရန် သဘောတူညီခဲ့သည်။ အီရန်နိုင်ငံ ခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီကလည်း အမေရိကန်ဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပါက ၎င်းတို့ဘက်ကလည်း ခုခံစစ်ဆင်ရေးများကို ရပ်တန့်မည်ဖြစ် ကြောင်းနှင့် ရေလက်ကြားအတွင်း သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

​     ယခုစစ်မီးကို ငြှိမ်းသတ်ရာတွင် ပါကစ္စတန်ဝန်ကြီး ချုပ် ရှာဘတ် ရှရစ်ဖ်နှင့် ဖီးလ်မာရှယ် အာဆင် မူနီယာတို့၏ ကြားဝင်ဖျန်ဖြေမှုသည် အဓိကကျခဲ့သည်။ ထရန့်က ၎င်းတို့၏ တောင်းဆိုချက်ကို လက်ခံကာ ဗုံးကြဲမှုကို ဆိုင်းငံ့ပေးခဲ့ခြင်းဖြစ်ပြီး၊ လာမည့် သီတင်းပတ်များအတွင်း အစ္စလာမ္မာဘတ်မြို့၌ နောက်ဆက်တွဲ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားရန် ရှိနေ သည်။

​     အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်သော်လည်း မြေပြင်တွင် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။ အထူး သဖြင့် အီရန်က တောင်းဆိုထားသော အချက် (၁၀) ချက်ပါ မူကြမ်းတွင် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာများအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် ပါဝင်နေသဖြင့် အစ္စရေးဘက်က ယင်းကို လိုက်နာမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ သို့သော် လည်း အမေရိကန်၏ ထောက်ပံ့မှုမပါဘဲ အစ္စရေးအနေဖြင့် အီရန်နှင့် တစ်ယောက်တည်း ရင် ဆိုင်ရန်မှာ မလွယ်ကူသဖြင့် အပစ်ရပ်ရေးကို လိုက်နာနိုင်ခြေ ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

     စစ်ပွဲ ၅ ပတ်ကျော်အတွင်း အီရန်တွင် လူပေါင်း ၂,၀၇၆ ဦး သေဆုံးခဲ့ပြီးနောက် ယခုအပစ်ရပ်မှုသည် ဒေသတွင်းအတွက် ကြီးမားသော သက်ပြင်းချနိုင်စရာ သတင်းတစ်ခု ဖြစ်လာခဲ့သည်။

​#BreakingNews #TrumpCeasefire #IranAgreement #HormuzStrait #MiddleEastPeace #PakistanMediation #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN