ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့အစည်းအဝေးကျင်းပ


(ပြည်တွင်း) ဧပြီ ၇


တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် လွှတ်တော်နာယကမှ နေရာယူပြီး အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာခဲ့ကာ စတုတ္ထနေ့ အစီအစဉ်များကို တင်ပြခဲ့သည်။ ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားမှုများနှင့် တက်ရောက်မှုကို အတည်ပြုမှတ်တမ်းတင်ခဲ့သည်။


ယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်ရာ တရားသူကြီးများ၏ ဦးရေသတ်မှတ်ချက်ကို လွှတ်တော်မှ သဘောတူအတည်ပြုခဲ့သည်။ ထို့အပြင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် တင်ပြထားသည့် ပုဂ္ဂိုလ်အပေါ် ကန့်ကွက်ချက်မရှိသဖြင့် လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့သည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်ရေးကိစ္စရပ်များကိုလည်း ကန့်ကွက်ချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသည်။


ထို့ပြင် နိုင်ငံတော်သမ္မတက တင်ပြထားသော ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နှင့် အမည်သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးမြင့်စန်း မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲန္ဒနယ် အမှတ်(၂)၊ ဦးတင်မြင့် ဒလ မဲဆန္ဒနယ် နှင့် ဒေါက်တာနန္ဒာလှမြင့် ကလောမဲဆန္ဒနယ်တို့က ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့သည်။


ထို့အပြင် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ချက်ကိုလည်း လွှတ်တော်မှ သဘောတူအတည်ပြုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ရန် အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြခဲ့ပြီး ကန့်ကွက်လိုသူများအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။


အစည်းအဝေးကို နောက်ဆုံးတွင် နာယကမှ စတုတ္ထနေ့အစည်းအဝေး ရပ်နားကြောင်း ကြေညာခဲ့ပြီး ပဉ္စမနေ့အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် အချိန်ကိုလည်း ဆက်လက် အသိပေးခဲ့ကြောင်း သိရသည်။