ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း) ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်၌ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကျပ် ၁၁.၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီလ ၄ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရမည်းသင်းမြို့မှ ပဒါန်းမြို့သို့ မူးယစ်ဆေးဝါးများပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်၌ တရားခံမျိုးမင်းအောင်နှင့်အတူ TOYOTA PRADO ယာဉ်အားလည်းကောင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီး၌ တရားခံ မင်းမင်းခိုင် မောင်းနှင်၍ လှိုင်ဝင်းလိုက်ပါလာသည့် ထော်လာဂျီယာဉ်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်တွင် ထုံးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၃၉ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်းပြား ကာလတန်ဖိုးငွေကျပ် ၁၁.၇ ဘီလီယံခန့်အား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၃ ဦး၊ မော်တော်ယာဉ် ၂ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်း ပြား(၁ ပြားလျှင် ၁၅၀၀ ကျပ်)၊ ကာလတန်ဖိုးငွေကျပ် ၁၁.၇ ဘီလီယံခန့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် ပင်လောင်းမြို့နယ်၊ တီဂျစ်ကျေးရွာနေ ကျော်ဝင်းအောင်(ခ)ပအို့ဝ်(ဖမ်းဆီးရန်ကျန်)မှ ဝမ်ဟိုင်းဒေသရှိ မူးယစ်ဆေးဝါးများအား ၎င်း၏အစီအစဉ်ဖြင့် ကလောမြို့နယ်၊ ဘွန်ယွာကျေးရွာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျော်ဝင်းအောင်(ခ)ပအို့ဝ်(ဖမ်းဆီးရန်ကျန်)၏ ခိုင်းစေချက်ဖြင့် မျိုးမင်းအောင်၊ မင်းမင်းခိုင်နှင့် လှိုင်ဝင်း တို့မှ ဖမ်းဆီးရမိ ထော်လာဂျီယာဉ်ဖြင့် ဘွန်ယွာကျေးရွာမှတစ်ဆင့် ရမည်းသင်း- ပျော်ဘွယ်-နတ်မောက်- မကွေးလမ်းကြောင်းအတိုင်း ပဒါန်းမြို့နယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် ပဒါန်းမြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ AAသောင်းကျန်းသူအဖွဲ့ မြို့နယ်မှူးအဆင့်ရှိ(စိစစ်ဆဲ)ထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN