အီရန်အနေဖြင့် သဘောတူညီချက်ရယူရန် သို့မဟုတ် ဟော်မုဇ်ရေလက်ကြားဖွင့်ရန် ၄၈ နာရီသာ အချိန်ရတော့မည်ဟု ခြိမ်းခြောက်

(နိုင်ငံတကာ) ဧပြီ ၅

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအနေဖြင့် “သဘောတူညီချက်တစ်ခု ရယူရန် သို့မဟုတ် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်” နှစ်ရက်သာ အချိန်ရတော့မည်ဖြစ်ကြောင်း နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုကို ထပ်မံပြုလုပ်လိုက်သည်။ ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် စနေနေ့က တင်ရုံခဲ့သော စာသားအရ “အချိန်ကုန်နေပြီ – ငရဲမီးတွေ သူတို့အပေါ် မကျရောက်ခင် ၄၈ နာရီပဲ လိုတော့တယ်” ဟု ရေးသားခဲ့သည်။

     အကယ်၍ အီရန်က ဟော်မုဇ်ရေလက်ကြားကို နိုင်ငံ တကာ ကုန်သွယ်ရေးအတွက် ပြန်မဖွင့်ပေးပါက အီရန် ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ရေနံချက်စက်ရုံများနှင့် ရေငန်မှ ရေချိုထုတ်လုပ်သည့် စက်ရုံများကို “မြေလှန်ဖျက်ဆီးမည်” ဟု ထရန့်က ယခင်ကတည်းက ကြွေးကြော်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အီရန်နိုင်ငံ ဘူရှီးယား (Bushehr) နျူကလီး ယားစက်ရုံအနီးသို့ ပစ်ခတ်မှုများ ရှိခဲ့သဖြင့် ရုရှားနိုင်ငံက နျူကလီးယားအန္တရာယ်အတွက် သတိပေးချက်များ ထုတ်ပြန်ထားရသည်။

​     ဤခြိမ်းခြောက်မှုသည် အီရန်ဘက်က အမေရိကန် ၏ F-15 တိုက်လေယာဉ်နှင့် A-10 တိုက်လေယာဉ်များကို ဆက်တိုက်ပစ်ချခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ F-15 လေယာဉ်ပေါ်ပါ လေသူရဲတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အခြားတစ်ဦးမှာမူ အီရန်ပိုင်နက်အတွင်း ပျောက်ဆုံးနေဆဲဖြစ်ကာ ၎င်းကို ရှာဖွေရန် ၇၂ နာရီအတွင်း အချိန်လုတိုက်ပွဲ ဖြစ်ပွားနေသည်။

     အမေရိကန်လေသူရဲ ပျောက်ဆုံးနေမှုနှင့် ပတ်သက် ၍ သမ္မတထရန့်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း၊ NBC News နှင့် ဖုန်းဖြင့် ဆက်သွယ်ရာတွင်မူ ဤဖြစ်စဉ်ကြောင့် အီရန်နှင့် ဆွေးနွေးပွဲများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “မရှိပါဘူး၊ လုံးဝမရှိပါဘူး။ ဒါဟာ စစ်ပွဲပဲလေ” ဟု ၎င်းက ဆိုသည်။

     သို့သော်လည်း စစ်ရေးကျွမ်းကျင်သူများကမူ အဆို ပါလေသူရဲကို အီရန်ဘက်က ဖမ်းဆီးရမိသွားပါက ဝါရှင်တန်အတွက် ကြီးမားသော အကျပ်အတည်းဖြစ် လာနိုင်ပြီး၊ အီရန်အတွက် သံတမန်ရေးရာတွင် အသာ စီးရယူနိုင်မည့် အချက်တစ်ခု ဖြစ်သွားနိုင်ကြောင်း သတိ ပေးထားသည်။ ဤဖြစ်စဉ်သည် အီရန်ဝေဟင်ကို အမေရိကန်က အလုံးစုံစိုးမိုးထားနိုင်ပြီဆိုသည့် ကြွေးကြော်ချက်ကိုလည်း ထိခိုက်စေနိုင်သည်။

     King’s College London မှ သုတေသနပညာရှင် မာရီနာ မီရွန် (Marina Miron) က F-15 တိုက်လေ ယာဉ် ပစ်ချခံရခြင်းသည် အမေရိကန်က အီရန်ဝေဟင်ကို ထိန်းချုပ်ထားနိုင်ပြီဆိုသည့် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) တို့၏ ပြောကြားချက်များကို မှားယွင်းကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အီရန်အနေဖြင့် အမေရိကန်၏ ကျူးကျော်မှုကို အောင်မြင်စွာ ခုခံနိုင်စွမ်းရှိနေသေးကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

​     ထရန့်၏ ခြိမ်းခြောက်မှုအပေါ် အီရန်ဗဟိုစစ်ဌာန ချုပ်မှ ဗိုလ်ချုပ်ကြီး အလီ အဗ္ဗဒူလာဟီ အလီယာဘာဒီ (Ali Abdollahi Aliabadi) က “မိုက်မဲသောလုပ်ရပ်” ဟု လှောင်ပြောင်ခဲ့ပြီး “ငရဲတံခါးဟာ ကျူးကျော်သူ အမေရိကန်တွေအတွက်ပဲ ပွင့်လာလိမ့်မယ်” ဟု တုံ့ပြန်ခဲ့သည်။ အီရန်ဘက်ကလည်း အကယ်၍ အမေရိကန်က ၎င်းတို့၏ အခြေခံအဆောက်အအုံများကို တိုက် ခိုက်ပါက အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အမေရိကန်နှင့် မဟာ မိတ်တို့၏ အရေးပါသော စနစ်များကို “ပြန်လည်၍မရအောင် ဖျက်ဆီးမည်” ဟု သတိပေးထားသည်။

​#TrumpUltimatum #IranWarUpdate #HormuzStrait #GlobalEnergyCrisis #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN