လန်ဒန်မြို့ရှိ ဂျူးပရဟိတအသင်းပိုင် လူနာတင်ယာဉ်များကို မီးရှို့မှုဖြင့် သံသယရှိသူ ၃ ဦးကို ဗြိတိန်တရားရုံးက ဆက်လက်ထိန်းသိမ်းရန် အမိန့်ချ

(နိုင်ငံတကာ) ဧပြီ ၅

     ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ဂျူးပရဟိတအဖွဲ့အစည်းတစ်ခုပိုင်ဆိုင်သော လူနာတင်ယာဉ်များကို တမင်မီးရှို့ဖျက်ဆီးခဲ့မှုဖြင့် ဖမ်းဆီးထားသည့် သံသယရှိသူ ၃ ဦးအား ဗြိတိန်တရားရုံးက အာမခံမပေးဘဲ ဆက်လက်ချုပ်နှောင်ထားရန် အမိန့်ချမှတ်လိုက်သည်။

​     ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ဂျူးလူမျိုးအများအပြား နေထိုင်ရာ လန်ဒန်မြောက်ပိုင်း Golders Green အရပ်တွင် “Hatzola” အမည်ရှိ ဂျူးစေတနာ့ဝန်ထမ်းအဖွဲ့အစည်းပိုင် လူနာတင်ယာဉ် ၄ စင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မီးလောင်မှုအတွင်း ယာဉ်ပေါ်ရှိ အောက်ဆီဂျင်ဘူးများ ပြင်းထန်စွာ ပေါက်ကွဲခဲ့သဖြင့် အနီးနားရှိ လူနေအိမ်ပြတင်းပေါက်မှန်များပါ ကွဲအက်ပျက်စီးခဲ့သော် လည်း ကံကောင်းထောက်မစွာဖြင့် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။

​     ဖမ်းဆီးရုံးထုတ်ခြင်းခံရသည့် သံသယရှိသူများမှာ ဗြိတိန်နိုင်ငံသားများဖြစ်ကြသော ဟမ်ဇာ အီကဘော (Hamza Iqbal – ၂၀ နှစ်) နှင့် ရီဟန်ခန်း (Rehan Khan – ၁၉ နှစ်) တို့ဖြစ်ပြီး၊ တတိယမြောက် သံသယရှိသူမှာ ၁၇ နှစ်အရွယ် ဗြိတိန်-ပါကစ္စတန် ကက်သီးနှစ်မျိုးခံ နိုင်ငံသားတစ်ဦးဖြစ်သည်။ ၎င်းတို့ကို “မီးရှို့မှု” နှင့် “အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ပေါ့ဆစွာ ပြုမူမှု” စွဲချက်များဖြင့် တရားစွဲဆိုထားသည်။ ထို့ပြင် အဆိုပါအမှုနှင့် ပတ်သက်၍ စတုတ္ထမြောက် သံသယရှိသူတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိထားကြောင်း သိရသည်။

​     ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ(Keir Starmer) က ယခုဖြစ်ရပ်ကို “အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဂျူးဆန့်ကျင်ရေး မီးရှို့တိုက်ခိုက်မှု” ဟု ပြင်း ပြင်းထန်ထန် ရှုံ့ချခဲ့သည်။ လန်ဒန်ရဲတပ်ဖွဲ့ကလည်း ယခုဖြစ်စဉ်ကို “ဂျူးလူမျိုးများအပေါ် မုန်းတီးမှုဖြင့် ကျူးလွန်သည့် ရာဇဝတ်မှု” (Anti-Semitic Hate Crime) အဖြစ် သတ်မှတ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအရာရှိများက ဦးဆောင်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။

​     အထူးခြားဆုံးအချက်မှာ အီရန်နှင့် နီးစပ်သည့် အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ဖြစ်သော Harakat Ashab al-Yamin al-Islamiya (HAYI) အဖွဲ့က ယခုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် ယခင်ကလည်း ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော အလားတူတိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း ဝန်ခံထားဖူးသည်။

     သံသယရှိသူ ၃ ဦးကို လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် လန်ဒန်ဗဟိုရာဇဝတ်တရားရုံး (Old Bailey) ၌ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။

​#LondonAmbulanceAttack #HAYI #Hatzola #Antisemitism #CounterTerrorism #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN