(ပြည်တွင်း) ဧပြီ ၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တတိယအကြိမ်ဒီမိုကရေစီအစိုးရသက်တမ်းရဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ဒီကနေ့ ဧပြီလ ၃ ရက်နေ့ မနက် ၁၀ နာရီက သမ္မတရွေးချယ်ရေး ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် မဲခွဲရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

မဲပေးရာမှာ မဲပေးခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၈၄ ဦးရှိရာက ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်အစုအဖွဲ့က တက်လာတဲ့ သမ္မတလောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံမဲ ( ၄၂၉ ) မဲ၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်အစုအဖွဲ့က တက်လာတဲ့ ဒေါ်နန်းနီနီအေးက ထောက်ခံမဲ (၂၉ )မဲ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တက်လာတဲ့ ဦးညိုစောက ထောက်ခံမဲ (၁၂၆ ) မဲနဲ့ ပြည်ထောင်စုလွှတ်တော်က မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မဲအများဆုံးရရှိခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရပြီး ဦးညိုစောက ဒုသမ္မတ(၁)နဲ့ ဒေါ်နန်းနီနီအေးက ဒုသမ္မတ (၂)အဖြစ် ပြည်ခိုင်ဖြိုးပါတီအစိုးရရဲ့ ၅ နှစ်တာ တာဝန်ကို ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဖြစ်လာတဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ သမ္မတတွေထဲ ၁၁ဦးမြောက် သမ္မတဖြစ်လာသလို ဒေါ်နန်းနီနီအေးကလည်း မြန်မာနိုင်ရဲ့ ပထမဆုံးအမျိုးသမီးဒုသမ္မတတစ်ဦးအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
#PAN