ပြည်ကြီးတံခွန်နှင့် သာစည်မြို့နယ်များတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှု့ခင်း) မတ် ၃၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၄၇၂.၄ သိန်း (၄၇ သန်းကျော်) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် သာစည်မြို့နယ်တွင် ငွေကျပ် ၂၀၀.၇ သိန်း (၂၀ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်၊ ၆၂လမ်း၊ ၁၁၈-၁၁၉ လမ်းကြားတွင် မြင့်နိုင်ဦး(ခ)ကိုရဲ (၅၆နှစ်) မောင်းနှင်လာသည့် ADIXIN ဆိုင်ကယ်ကို စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ (ဒေသတန်ဖိုး ကျပ် ၁၂၀ သိန်း) ဖမ်းမိသည်။ထို့နောက် မွန်းလွဲ ၃ နာရီတွင် အဆိုပါ မြင့်နိုင်ဦးနေထိုင်ရာ တောင်မြင့်ရပ်ကွက်ရှိ နေအိမ်အား ထပ်မံရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ (ကျပ် ၂၀၀ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁ ကီလို (ကျပ် ၁၅၀ သိန်း)၊အိုက်စ် (မက်သ်အဖက်တမင်း) ၈ ဂရမ် (ကျပ် ၂.၄ သိန်း)တို့ကို ထပ်မံတွေ့ရှိ ၍ မြင့်နိုင်ဦးအား မူးယစ်ဆေးဝါးဥပဒေအရ အရေးယူထားသည်။

ဆက်လတ်ပီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသည့် JINDEI အမျိုးအစား ခရီးသည်တင်ယာဉ်အား ည ၁၁ နာရီခွဲအချိန်တွင် ပူးပေါင်းအဖွဲ့များ စစ်ဆေးရာ လိုက်ပါလာသူ မမြင့်မြင့်ထွေး (၂၆နှစ်) နှင့် မစုစုဝင်း (၄၅နှစ်) တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀ (ဒေသတန်ဖိုး ကျပ် ၁၇၅.၅ သိန်း)၊ဘိန်းစိမ်း ၂.၈ ကီလို (ဒေသတန်ဖိုး ကျပ် ၂၅.၂ သိန်း)တို့ကို ဖမ်းဆီးရမိသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးအား မူးယစ်ဆေးဝါးဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN