ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွင် ဒုသမ္မတလောင်းတွေကို အဆိုပြု

(ပြည်တွင်း) မတ် ၃၀

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှာ ပါဝင်တဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကို ဒီနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပကြပါတယ်။

ဒီနေ့ကျင်းပတဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့မှာ ပါဝင်တဲ့ ရွေးကောက်ခံအစုအဖွဲ့တွေကနေ ဒုတိယသမ္မတတွေကိုရွေးချယ်တင်မြှောက်နိုင်ဖို့ အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်နန်းနီနီအေးအား ဦးလှသိန်းမှအဆိုပြုပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒေါက်တာမနာမ်တူးဂျာကို ဦးသန်းအေးမှ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် ဦးမင်းအောင်လှိုင်ကို ပြည်ခိုင်ဖြိုးပါတီက ထားဝယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး‌ကျော်ကျော်ဌေးမှ အဆိုတင်သွင်းပြီး တောင်တွင်းကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေအား တစညပါတီမှ ကြံခင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦးမှ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အဆိုပြုလွှာတွေကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌတွေထံ တင်ပြခဲ့ကြပါတယ်။

ထို့နောက် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းတွေနဲ့ ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ဖို့ စိစစ်ရေးအဖွဲ့မှာပါဝင်မယ့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရွေးချယ်ရာ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးအား မိထ္ထိလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းမှ အဆိုပြုတင်တွင်းပြီး ညောင်လေးပင်မြို့နယ်် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာသန့်ဇော်လွင်မှ ထောက်ခံခဲ့ပြီး အဆိုပြုတင်သွင်းသူ တစ်ဦးထဲရှိတာကြောင့် ဦးခင်မောင်စိုးအား  စိစစ်ရေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အမျိုးသားလွှတ်တော်တွင် ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ် အမှတ် (၂) မှ ဦးလှသိန်းအား ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ် အမှတ် (၁)မှ ဦးအောင်တင်မြင့်က တင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး FPTP  မဲဆန္ဒနယ် အမှတ် (၄)မှ ဦးရဲမြင့်ထွန်းက ထောက်ခံခဲ့ပြီး  အဆိုပြုတင်သွင်းသူ တစ်ဦးထဲရှိတာကြောင့် ဦးလှသိန်အား  စိစစ်ရေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌက ဒုတိယသမ္မတလောင်း အမည်စာရင်းကို စိစစ် ပြုစုနိုင်ဖို့ အစုအဖွဲ့အစည်းအဝေးကို ရပ်နားမှာဖြစ်ပြီး မနက်ဖြန် မတ်လ(၃၁) ရက်နေ့မှာ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို ဆက်လက်ကျင်းပမှာဖြစ်တယ်လို့ သက်ဆိုင်ရာလွှတ်တော်တွေကနေ ဥက္ကဋ္ဌတွေက ကြေညာပါတယ်။