နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်ရင်ပြင်တွင် နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပမည်

(ပြည်တွင်း) မတ် ၂၅

၂၀၂၆ ခုနှစ် အတာသင်္ကြန်အခါသမယတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို နေပြည်တော်ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပမည့် လမ်းလျှောက်သင်္ကြန်သည် အစိုးရသစ်၏ ပထမဦးဆုံး နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုဖြစ်ပြီး သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပို၍ နိုင်ငံရေးနှင့် လူမှုရေးအရေးပါမှုများပါဝင်သည့် ပွဲတော်ကြီးတစ်ခုဖြစ်မည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။

အဆိုပါပွဲတော်တွင် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများ အတူတကွ ပူးပေါင်းပါဝင်ကာ “စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်” အဖြစ် ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်နိုင်ရန်အတွက် ဇုန်မျိုးစုံကို ထည့်သွင်းစီစဉ်ထားပြီး  သင်္ကြန်မဏ္ဍပ်ဇုန်များ၊   နိုင်ငံကျော်အဆိုတော်များ ပါဝင်မည့် ဖျော်ဖြေရေးဇုန်များ၊ သနပ်ခါးသင်္ကြန်ဇုန်၊ လက်ဖက်၊ ထမနဲထိုး စသည့် ရိုးရာအစားအစာပြကွက်များပါဝင်မည်ဖြစ်သည်။

ထို့အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပိုမိုထင်ရှားစေရန် အတာသင်္ကြန်နှင့် ဆက်စပ်သည့် အနုပညာဖျော်ဖြေရေးများ၊ ရိုးရာပြကွက်များကိုလည်း ခမ်းနားစွာ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သာမက နိုင်ငံတစ်ဝန်းလုံးတွင်လည်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို အလားတူ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို မြို့အသီးသီးတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အနုပညာရှင်များ သွားလာရေးအတွက်လည်း သီးခြားရထားလက်မှတ်များကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ယခုနှစ် လမ်းလျှောက်သင်္ကြန်ပွဲတော်သည် ပျော်ရွှင်မှုသာမက ပြည်သူများအကြား စည်းလုံးညီညွတ်မှု ယဉ်ကျေးမှုထိန်းသိမ်းမှု နိုင်ငံရေးအပြောင်းအလဲအသစ်၏ သင်္ကေတတို့ကိုလည်း ကိုယ်စားပြုနေသော အရေးပါသည့် အခမ်းအနားတစ်ခုအဖြစ် သတ်မှတ်ထားသည်။

#PAN