
(နိုင်ငံတကာ)မတ် ၂၄
၂၃ ရက်ကြာ ပြင်းထန်စွာ ဖြစ်ပွားနေသည့် အစ္စရေး-အမေရိကန်နှင့် အီရန်တို့ကြားမှ စစ်ပွဲသည် ယခုအခါ မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် သဘောတူညီချက်ရရှိရန် အလားအလာရှိကြောင်း အရိပ်အမြွက်ပြောကြားလိုက်ပြီးနောက် ကြားခံနိုင်ငံများမှတစ်ဆင့် အီရန်ထံသို့ အရေးကြီးသတင်း စကားများ ပေးပို့ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်က အီရန်၏ လျှပ်စစ် ဓာတ်အားပေးစက်ရုံများကို ၄၈ နာရီအတွင်း ချေမှုန်းမည်ဟု ရာဇသံပေးခဲ့သော သမ္မတထရန့်သည် ယခုအခါ ထိုအစီအစဉ်ကို ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ လက်ရှိပြုလုပ်နေသော ဆွေးနွေးမှုများ၏ ရလဒ်အပေါ် မူတည်၍ အီရန်၏ စွမ်းအင်အခြေခံအဆောက် အအုံများကို ဗုံးကြဲမည့်အစီအစဉ်ကို “၅ ရက်ကြာ” ဆိုင်းငံ့ထားမည်ဟု တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
သမ္မတထရန့်က “ကျွန်တော်တို့ အီရန်နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိနေပါပြီ။ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို လိုလားနေကြတာမို့ သဘောတူညီချက်တစ်ခု ရနိုင်ဖို့ အခွင့်အလမ်း အလွန်များပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးတွင် သဘောတူညီမှုရရှိနိုင်သည့် အချက်ပေါင်း ၁၅ ချက်ခန့် ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကလည်း အမေရိကန်ထံမှ ပေးပို့လာသော အချက်အလက်များကို လက်ခံရရှိထားပြီး လက်ရှိတွင် ပြန်လည်သုံးသပ်နေကြောင်း အတည်ပြုခဲ့ပြီး အမေရိကန်နှင့် အီရန်တို့သည် တရားဝင်သံတမန်ဆက်ဆံရေးမရှိသဖြင့် ပါကစ္စတန်နှင့် အိုမန်နိုင်ငံတို့က ကြားခံစေ့စပ်ပေးသူများအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြသည်ဟု CBS သတင်းဌာနက ဖော်ပြထားသည်။
သို့သော် AlJazeera သတင်းတွင် ”အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ပွဲအဆုံးသတ်ရေးအတွက် အလွန်ကောင်းမွန်ပြီး အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားပြီး နာရီပိုင်းအကြာမှာပင် အီရန်သည် အမေရိကန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အီရန်အဆင့်မြင့်အရာရှိများက ငြင်းဆိုလိုက်သည်” ဟု ဖော်ပြထားသည်။
ထို့ပြင် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘေဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) က တနင်္လာနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “အမေရိကန်နှင့် မည်သည့်ညှိနှိုင်းဆွေးနွေးမှုမျှ ပြုလုပ်ခဲ့ခြင်းမရှိပါ” ဟု ၎င်းသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ အမေရိကန်သမ္မတ၏ ၄၈ နာရီ ရာဇသံမှာ ၅ ရက်ဆုတ်ခွာသွားခြင်းမှသည် ဒေသတွင်းစစ်ရေးတင်းမာမှုနှင့် ကမ္ဘာ့စီးပွားရေးပျက်ကပ်တို့ ကြုံတွေ့ရမည့် အန္တရာယ်မှ ရှောင်လွှဲနိုင်မည်လား ဆိုတာကို စောင့်ကြည်ရမှာ ဖြစ်ပါသည်။
#PositiveAngleNews #Trump #Iran #MiddleEastPeace #BreakingNews #OilPrice
Telegram»…
https://t.me/positiveanglenews
#PAN