
(နိုင်ငံတကာ)မတ် ၂၄
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဒီယေဂိုဂါစီယာ (Diego Garcia) ကျွန်းပေါ်မှ အမေရိကန်နှင့် ဗြိတိန် ပူးတွဲစစ်အခြေစိုက်စခန်းကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို အီရန်နိုင်ငံက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး၊ ယင်းမှာ အစ္စရေး၏ “False Flag” (မိမိကိုယ်ကို တိုက်ခိုက်ပြီး တစ်ဖက်လူကို အပြစ်ပုံချခြင်း) လုပ်ရပ်သာ ဖြစ် ကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါယီ (Esmaeil Baghaei) က တနင်္လာနေ့တွင် X လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားရာ၌ အစ္စရေး၏ စွပ်စွဲချက်များသည် အနှစ်သာရမရှိသော သတင်းမှားများသာဖြစ်ကြောင်း ဆိုသည်။ “ကမ္ဘာကြီးသည် ယုံကြည်စိတ်ချရမှုမရှိတော့သည့် ‘False Flag’ ဇာတ်လမ်းဟောင်းများကို အလွန်အမင်း ငြီးငွေ့နေပြီဖြစ်သည်” ဟု ၎င်းက ရေးသားခဲ့သည်။
အစောပိုင်းတွင် အစ္စရေးစစ်ဦးစီးချုပ် အီယယ်လ် ဇာမီယာ (Eyal Zamir) က အီရန်သည် ကီလိုမီတာ ၄,၀၀၀ (မိုင်ပေါင်း ၂,၄၈၅) အထိ ပစ်ခတ်နိုင်သော အဆင့်နှစ်ဆင့်ပါ တိုက်ချင်းပစ် ဘဲလစ်စတစ်ဒုံးကျည် (ICBM) ကို အသုံးပြုကာ အဆိုပါအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။
နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေး (Mark Rutte) က အဆိုပါတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဒုံးကျည်များသည် အီရန်၏ ICBM များဖြစ် သည်ဟူသော အစ္စရေး၏ ပြောကြားချက်ကို နေတိုးမဟာမိတ်အဖွဲ့အနေဖြင့် အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းက သမ္မတ ဒေါ်နယ်ထရန့်၏ အီရန်အပေါ် စစ်ရေးအရ အရေးယူမှုများကိုမူ ထောက်ခံခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလေး (John Healey) က အီရန်ဒုံးကျည်နှစ်စင်းသည် ဒီယေဂိုဂါစီယာဘက်သို့ ဦးတည်လာခဲ့သော်လည်း အခြေစိုက်စခန်းနှင့် နီးစပ်သည့်နေရာသို့ပင် မရောက်ရှိခဲ့ဘဲ လမ်းခုလတ်တွင် ပျက်ကျခြင်း သို့မဟုတ် ကြားဖြတ်ပစ်ချခြင်း ခံခဲ့ရသည်ဟု ဆိုသည်။ ဗြိတိန်အိမ်ရာဝန်ကြီး စတိဗ်ရိဒ်ကမူ အီရန်အနေဖြင့် ဗြိတိန်နိုင်ငံအထိ ဒုံးကျည်ဖြင့် ပစ်ခတ်နိုင်စွမ်းရှိသည်ဟူသော အထောက်အထားမျိုး မရှိကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီကလည်း ၎င်းတို့၏ ဒုံးကျည်ပစ်ခတ်မှု အကွာအဝေးကို ကီလိုမီတာ ၂,၀၀၀ အောက်တွင်သာ တမင်တကာ ကန့်သတ်ထားကြောင်း ယခုလအစောပိုင်းက ထုတ် ဖော်ပြောကြားခဲ့ဖူးသည်။
အမေရိကန်၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် အစ္စရေးသည် အီရန်၏ ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ကာလရှည်ကြာ ပြောဆိုလာခဲ့ပြီး အမေရိကန်အနေဖြင့် စစ်ရေးအရ ကြားဝင်ဆောင်ရွက်ပေးရန် ဆယ်စုနှစ်ပေါင်းများစွာ တိုက်တွန်းလာခဲ့သူဖြစ်သည်။
သို့သော်လည်း ယခင်အမေရိကန်အစိုးရအဆက် ဆက်သည် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရန် ဖိအားပေးမှုများကို ငြင်းဆန်ခဲ့ကြပြီး၊ နျူကလီးယားလက် နက် ထုတ်လုပ်မှုကို ဟန့်တားရန်အတွက် ဝါရှင်တန် သည် တီဟီရန်အပေါ် ကျယ်ပြန့်သော စီးပွားရေးပိတ်ဆို့မှုများကိုသာ ချမှတ်ခဲ့သည်။
ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း လွန်ခဲ့သော သုံးပတ်ခန့်က အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်ကို တိုက်ခိုက်ခဲ့ကြပြီး ယင်း တိုက်ခိုက်မှုအတွင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khame – nei) သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဆွေးနွေးပွဲများကို ကြားခံစေ့စပ်ပေးနေသည့် အိုမန်နိုင်ငံက သဘောတူညီချက်တစ်ခု ရရှိရန် “လက်တစ် ကမ်းအကွာ” သို့ ရောက်ရှိနေပြီဟု ပြောကြားနေသည့်ကြားမှပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
#PositiveAngleNews #IranMissile #DiegoGarcia #ICBM #MiddleEastTension #GlobalSecurity
Telegram»…
https://t.me/positiveanglenews
#PAN