ဟာဝိုင်အီတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူ ၅၅၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်

(နိုင်ငံတကာ)မတ် ၂၂

     အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်ရှိ Oahu (အိုအာဟူး) ကျွန်းမြောက်ဘက်ကမ်းခြေဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုများဖြစ်ပွားနေပြီး သမိုင်းဝင်ဆည်ကြီးတစ်ခု ပြိုကျနိုင်သည့်အန္တရာယ်ကြောင့် ဒေသတွင်းအရေးပေါ်အခြေအနေ ကြေညာထားရသည်။

​     စနေနေ့နံနက်အစောပိုင်းတွင် ဟာဝိုင်ယီအရေးပေါ်စီမံခန့်ခွဲမှုဌာနသည် Waialua (ဝိုင်အာလူအာ) ဒေသရှိ ပြည်သူများအား “ယခုချက်ချင်း ထွက်ခွာကြရန်” ပြင်းထန်စွာ သတိပေးခဲ့သည်။ မိုးဆက်လက်ရွာသွန်းပါက ထွက်ခွာနိုင်သည့် နောက်ဆုံးလမ်းကြောင်းမှာလည်း ပြိုကျပျက်စီးသွားနိုင်သဖြင့် လူပေါင်း ၅,၅၀၀ ခန့် ကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းခိုင်းထားခြင်း ဖြစ်သည်။

     သက်တမ်း ၁၂၀ ရှိပြီဖြစ်သော မြေသားဆည်ကြီးဖြစ်သည့် Wahiawa Dam မှာ အချိန်မရွေး ပြိုကျနိုင်သည့် အခြေအနေ (Imminent Failure) သို့ ရောက်ရှိနေသည်။ ဆည်အတွင်း ရေမျက်နှာပြင်မှာ ၈၄ ပေအထိ မြင့်တက်လာပြီး ဆည်၏ အမြင့်ဆုံးခံနိုင်ရည်ထက် ၆ ပေ (၁.၈ မီတာ) သာ လိုပါတော့သည်။

     အဆိုပါ ဆည်သည် ၁၉၂၁ ခုနှစ်တွင် တစ်ကြိမ် ပြိုကျဖူးပြီး၊ ပြိုကျပါက လူအသက်ပေါင်းများစွာ ဆုံးရှုံးနိုင်သည့် “အန္တရာယ်အလွန်ကြီးမားသောဆည်” အဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းကို ပိုင်ဆိုင်သည့် Dole Food Company သည် ဆည်အား စနစ်တကျ ထိန်း သိမ်းရန် ပျက်ကွက်မှုဖြင့် ဒဏ်ရိုက်ခြင်းများလည်း ခံထားရသည်။

     ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Green က ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၁ ဘီလီယံကျော် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ အခြေအနေမှာ အလွန်ဆိုးရွားသဖြင့် National Guard တပ်ဖွဲ့ဝင်များအပြင် Schofield စစ်အခြေစိုက်စခန်းမှ တပ်မတော်သားများကိုပါ ခေါ်ယူထားရသည်။ ရေဘေးပိတ်မိနေသူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ လူငယ်စခန်းတစ်ခုမှ ကလေးနှင့် လူကြီး ၇၂ ဦးကို ရဟတ်ယာဉ်ဖြင့် ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရသည်။ အနည်းဆုံး လူ ၁၀ ဦးမှာ ရေထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သဖြင့် ခန္ဓာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းမှု (Hypother -mia) ကြောင့် ဆေးရုံတင်ထားရသည်။

     မိုးလေဝသခန့်မှန်းချက်များအရ ရှေ့လာမည့်ရက်များတွင် မိုးထပ်မံရွာသွန်းဦးမည်ဖြစ်ရာ ဆည်၏ကြံ့ ခိုင်မှုမှာ အဓိကစိုးရိမ်စရာ ဖြစ်နေသည်။ အကယ်၍ ဆည်သာပြိုကျခဲ့ပါက Waialua တစ်ဝိုက်ရှိ ရပ်ကွက်များအားလုံး ရေအောက်သို့ လုံးဝရောက်ရှိသွားနိုင်သည့် အခြေအနေ ဖြစ်ပါသည်။

#PositiveAngle #HawaiiDisaster #WahiawaDam #OahuFlood #EmergencyEvacuation #GlobalWeather2026

Telegram»…
https://t.me/positiveanglenews

#PAN