အီရန်၏ ဒုံးကျည်သစ်က Diego Garcia ကို ပစ်မှတ်ထားတိုက်ခိုက် – ဥရောပမြို့ကြီးများပါ ခြိမ်းခြောက်မှုအောက် ရောက်ရှိလာ

(နိုင်ငံတကာ)မတ် ၂၁

     အရှေ့အလယ်ပိုင်းစစ်ပွဲသည် ယခုအခါ ဒေသတွင်းပဋိပက္ခအဆင့်မှ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးခြိမ်း ခြောက်မှုအဆင့်သို့ ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးသော အလတ် စားပစ် ပဲ့ထိန်းဒုံးကျည် (IRBM) များကို အသုံးပြု၍ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဗြိတိန်ပိုင် Diego Garcia (ဒီယေဂိုဂါစီယာ) အမေရိကန်-ဗြိတိန် ပူးတွဲစစ်အခြေ စိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူများက အတည်ပြုပြောကြားလိုက်သည်။

    အမေရိကန်အရာရှိများ၏ အဆိုအရ အီရန်သည် ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်စင်းလုံးမှာ ပစ်မှတ်ကို ထိမှန်ခြင်း မရှိခဲ့ပေ။ ဒုံးကျည်တစ်စင်းကို အမေရိကန် စစ်သင်္ဘောတစ်စင်းက လေဟုန်ထဲတွင် ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ကျန်တစ်စင်းမှာမူ ခရီးဆုံးအထိ မရောက်ဘဲ ပျက်ကျသွားခဲ့သည်။ ဤတိုက်ခိုက်မှုသတင်းကို Wall Street Journal နှင့် အီရန်၏ Mehr သတင်းဌာန တို့က အသီးသီး အတည်ပြုဖော်ပြခဲ့ကြသည်။

     စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ အီရန်မှ Diego Garcia သို့ အကွာအဝေးမှာ ၃,၈၀၀ ကီလိုမီတာ (၂,၄၀၀ မိုင်) ခန့် ရှိသည်။ အကယ်၍ အီရန်သည် ဤအကွာအဝေးကို ပစ်ခတ်နိုင်ပါက အီရန်မှ ပါရီမြို့သို့ အကွာအဝေးအတွင်း ရှိနေသည်။ လန်ဒန် (London) ယခင်က ဘေးကင်းသည်ဟု ယူဆထားသော်လည်း ယခုအခါ အီရန်၏ ဒုံးကျည်လက်လှမ်းမီသည့် (Striking Distance) အတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ ဤအချက်ကြောင့် ဗြိတိန်နှင့် ဥရောပနိုင်ငံများအကြား လုံခြုံရေးစိုးရိမ်မှုများ အထူးမြင့်တက်လာခဲ့သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဗြိတိန်ဝန်ကြီးချုပ် Sir Keir Starmer အနေဖြင့် ဗြိတိန်အခြေစိုက်စခန်းများမှ အမေရိကန်ကို စစ်ဆင်ရေးလုပ်ခွင့်ပေးခြင်းဖြင့် “ဗြိတိန်နိုင်ငံသားတို့၏ အသက်ကို အန္တရာယ်ဖြစ်စေသည်” ဟု ပြင်းထန်စွာ သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗြိတိန်အစိုးရသည် Diego Garcia တည်ရှိရာ ချာဂိုးစ်ကျွန်းစုကို အီရန်နှင့် ရင်းနှီးသော မောရစ်ရှနိုင်ငံထံ လွှဲပြောင်းပေးရန် အစီအစဉ်များကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စစ်ပွဲကို လျှော့ချရပ်ဆိုင်းရန် (Winding down) စဉ်းစားနေပြီး ဟော်မုဇ်ရေလက်ကြားလုံခြုံရေးကို အခြားနိုင်ငံများက တာဝန်ယူသင့်ကြောင်း ပြောကြားထားသည်။ ထို့ပြင် ကမ္ဘာ့ရေနံဈေးနှုန်း တည်ငြိမ်စေရန်အတွက် အီရန်ရေနံစိမ်းကို ရက်ပေါင်း ၃၀ ကြာ ရောင်းချခွင့်ပြုရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုပေး လိုက်သည်။

     ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (UK Ministry of Defence) ကမူ အဆိုပါသတင်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်း မရှိသေးပေ။

#PositiveAngle #IranVsWest #DiegoGarciaAttack #LondonAtRisk #GlobalSecurity2026 #WarUpdate #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN