
(နိုင်ငံတကာ) မတ် ၁၇
အစ္စရေးမြောက်ပိုင်းရှိ ဒေသခံများ၏ လုံခြုံရေးကိုမြှင့်တင်ရန် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇဘိုလာ လက်နက်ကိုင်များကို မြေပြင်စစ်ဆင်ရေးကြီးစတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးတပ်မတော်က မတ်လ ၁၆ ရက်တွင် ကြေညာသည်။
ထိုစစ်ဆင်ရေးသည် ဟစ်ဇဘိုလာတို့၏ အဓိကခြေကုပ်စခန်းများကို ပစ်မှတ်ထားသည့် ကန့်သတ်မြေပြင် စစ်ဆင်ရေးဖြစ်ပြီး အကြမ်းဖက်တို့၏ အခြေခံအဆောက်အဦများ ဖျက်ဆီးရန်နှင့် နယ်စပ်လုံခြုံရေးကို အားကောင်း စေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ခြေလျင်တပ်များမဝင်ရောက်မီ အစ္စရေးတပ်မတော်က အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကို ကြိုတင်လုပ်ဆောင်သည်။ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် အီရန်ဦးသျှောင်အယာတိုလာ အလီခါမေနီ လုပ်ကြံခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇဘိုလာတို့က ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ရာ အစ္စရေးဘက်ကလည်း လက်ဘနွန်ကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၀၀ ကျော်အပါအဝင် အရပ်သား ၈၀၀ ကျော် သေဆုံးသည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။