တောင်ကြီးမြို့နှင့် အေးသာယာမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ကျော် ဖမ်းဆီးရမိ

(မှုခင်း) မတ် ၁၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းရရှိမှုအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သက်သေများနှင့်အတူ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်၊ ပေါ်ကျွဲလမ်းရှိ ကျော်ဝင်းနိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှာဖွေစစ်ဆေးမှုအတွင်း နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားကို တွေ့ရှိခဲ့ပြီး အဆိုပါဆေးပြားများ၏ ဒေသကာလတန်ဖိုးမှာ ကျပ် ၁၀ သိန်းခန့်ရှိကြောင်း သိရသည်။

ထို့နောက် ၂ နာရီခွဲအချိန်ခန့်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အကွက်ကြီး(၁၀)၊ သပြေလမ်းရှိ မစုစုစံ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြား (ဒေသကာလတန်ဖိုး ကျပ် သိန်း ၈၀ ခန့်)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဝင်းနိုင် (၃၅ နှစ်) နှင့် မစုစုစံ (၂၅ နှစ်) တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဆက်စပ်ကွင်းဆက်များကိုလည်း ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။