တပ်မတော်နေ့စစ်ရေးပြအဖွဲ့များမှ အရာရှိ၊ စစ်သည်များ နေပြည်တော်အတွင်း ဘုရားဖူးခရီးစဉ် နှင့် လေ့လာရေးခရီးများ ဆက်တိုက်သွားရောက်

(ပြည်တွင်း) မတ် ၁၆

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိနှင့် စစ်သည်များသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်ကာ ဘာသာရေးနှင့် သမိုင်းယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်များ ပြုလုပ်ခဲ့ကြသည်။

ယင်းလေ့လာရေးခရီးစဉ်အတွင်း အရာရှိနှင့် စစ်သည်များသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်သို့ သွားရောက်ကာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့အပြင် ဘုရားရင်ပြင်တော်ပတ်လည်တွင် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် အမျိုးသားပြတိုက် (နေပြည်တော်) သို့ ဆက်လက်သွားရောက်ကာ ပြခန်းများအတွင်း ပြသထားသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းဝင်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်း ဝယ်ယူခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့များသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်ကာ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော သမိုင်းဝင်လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများကို လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

ယင်းနောက် လေ့လာရေးအဖွဲ့များသည် သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်ကာ ကျဆုံးလေပြီးသော တပ်မတော်သားသူရဲကောင်းများအား ဂါရဝပြုအလေးပြုခဲ့ကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

#PAN