(နိုင်ငံတကာ)မတ် ၉
လက်ဘနွန်တောင်ပိုင်း၊ နာဘာတီးယား (Nabatieh) ခရိုင်ရှိ စီအယ်လ်ဂါဘီယာ (Sir el Gharbiyeh) မြို့တွင် အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးထပ်ပါရှိသော လူနေအဆောက်အအုံတစ်ခု ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး လူ (၂၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
အစ္စရေးတိုက်လေယာဉ်များသည် တနင်္ဂနွေနေ့ အစောပိုင်းတွင် အဆိုပါမြို့ရှိ အရပ်သားများ ခိုလှုံနေသည့် လူနေအဆောက်အအုံကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အများအပြား ပါဝင်နေပြီး အခြားလူ (၆) ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သဖြင့် သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း လက်ဘနွန်အမျိုးသားသတင်းဌာန (NNA) က ဖော်ပြသည်။
အစ္စရေးစစ်တပ် (IDF) ကမူ ၎င်းတို့သည် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့၏ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုလေ့ရှိသော်လည်း ယခုတိုက်ခိုက်မှုသည် အရပ်သားများအပေါ် တိုက်ရိုက်ထိခိုက်စေခဲ့သည့်အတွက် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံနေရသည်။
ယခုအပတ်အတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံတစ်ဝန်းတွင် သေဆုံးသူအရေအတွက်မှာ (၄၀၀) နီးပါးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဒဏ်ရာရသူ (၁,၁၀၀) ကျော်ရှိလာပြီဖြစ် ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အီရန်-အစ္စရေး စစ်ပွဲသည် လက်ဘနွန်ဘက်သို့ ကူးစက်လာပြီးနောက် အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့၏ စခန်းများကိုသာမက အရပ်သားများရှိရာ မြို့ရွာများကိုပါ တိုက်ခိုက်လာနေခြင်းဖြစ်ပါသည်။ ၎င်းသည် ဒေသတွင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီး (Humanitarian Crisis) တစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး စစ်မီးသည် ပိုမိုကျယ်ပြန့်လာမည့် အလားအလာရှိနေပါသည်။
#PositiveAngle #Iran #Khamenei #MojtabaKhamenei #RegimeChange #MiddleEastPolitics
Telegram»…
https://t.me/positiveanglenews
#PAN