အိန္ဒိယအား တရုတ်ကဲ့သို့ အင်အားကြီးမားသောပြိုင်ဘက်နိုင်ငံ တစ်နိုင်ငံအဖြစ် ထွက်ပေါ်လာစေရန် ခွင့်ပြုမည် မဟုတ်ဟု အမေရိကန်ပြော

(နိုင်ငံတကာ)မတ် ၇

     ⁠အမေရိကန်ပြည်ထောင်စုအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသော်လည်း တရုတ်နိုင်ငံကဲ့သို့ အင်အားကြီးမားသောပြိုင်ဘက်နိုင်ငံ တစ်နိုင်ငံအဖြစ် ထွက်ပေါ်လာစေရန် ခွင့်ပြုမည်မဟုတ် ကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒေါ ကပြောကြားသည်။

     အမေရိကန်အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးအပေါ် မည်သို့ရှုမြင်ကြောင်းကို အိန္ဒိယနိုင်ငံ၏ အထင်ကရပထဝီနိုင်ငံရေးနှင့် စီးပွားရေးညီလာခံတစ်ခုဖြစ်သည့် ရိုင်ဆီနာဆွေးနွေးပွဲ၌ လန်ဒေါ က ပြောကြားခြင်း ဖြစ်သည်။

     ထို့ပြင် အမေရိကန်အနေဖြင့် လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုခန့်က တရုတ်နိုင်ငံအပေါ် ကျင့်သုံးခဲ့သော မူဝါဒ အမှားမျိုးကို အိန္ဒိယနိုင်ငံအပေါ်တွင် ထပ်မံကျင့်သုံးမည်မဟုတ်ကြောင်း ၎င်းက အလေးအနက်ပြောကြားထားသည်။

     အမေရိကန်အနေဖြင့် အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ လုပ်ဆောင်ရာတွင် အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှုမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံကဲ့သို့ ဈေးကွက်အားလုံးကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း လန်ဒေါက Raisina Dialogue 2026 ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

      အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၎င်းတို့အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် တစ်နှစ်ကျော်ကြာဆွေးနွေးခဲ့ရာမှ ယခုနှစ်ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံအကြား ကြားဖြတ်သဘော တူညီချက်တစ်ရပ် ချမှတ်နိုင်ခဲ့သည်။

အဆိုပါသဘောတူညီချက်အရ ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယနိုင်ငံအပေါ် ချမှတ်ထားသော အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်ကို အမေရိကန်က ဖယ်ရှားပေး ခဲ့ကြောင်းသိရသည်။

     အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာ (S. Jaishankar) က အိန္ဒိယနိုင်ငံ၏ တိုးတက်မှုသည် အခြားနိုင်ငံများ၏ အမှား သို့မဟုတ် အကူအညီပေါ်တွင် မူတည်နေခြင်းမဟုတ်ဘဲ အိန္ဒိယ၏ ကိုယ်ပိုင်အင်အားပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့သည်။

     အိန္ဒိယသည် မည်သည့်နိုင်ငံ၏ လက်အောက်ခံ သို့မဟုတ် လက်တွဲဖော်အဖြစ်မျှ ရှိနေမည်မဟုတ်ဘဲ   ကမ္ဘာ့ဇာတ်ခုံတွင် ၎င်း၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာအတိုင်းသာ ရှေ့ဆက်သွားမည်ဟု ဂျေရှန်ကာက တုံ့ပြန်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN