အမေရိကန်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်၏ ပြောဆိုချက်ကို စပိန်ငြင်းဆို

(နိုင်ငံတကာ)မတ် ၅

      ⁠အီရန်စစ်ပွဲကြောင့် အမေရိကန်နှင့် ၎င်း၏ ဥရောပမဟာမိတ်ဟောင်းများအကြား ဖြစ်ပေါ်လာသည့် သံတမန်ရေးရာ အက်ကြောင်းများကို ဖော်ပြနေသည်။

​       အီရန်နှင့် စစ်ဖြစ်ပွားနေစဉ်အတွင်း စပိန်နိုင်ငံ (မက်ဒရစ်) သည် ဝါရှင်တန်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေပြီဟူသော အိမ်ဖြူတော်၏ ပြောကြားချက်ကို စပိန်အစိုးရက ငြင်းဆိုလိုက်သည်။ သမ္မတ ဒေါ်နယ်ထရန့်က စပိန်အစိုးရ၏ ရပ်တည်ချက်အပေါ် အပြစ်ပေးသည့်အနေဖြင့် ကုန်သွယ်ရေးကန့်သတ်မှုများ အသုံးပြုမည်ဟု ခြိမ်းခြောက်ထားသော်လည်း စပိန်က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

      စပိန်နိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများကို အီရန်စစ်ပွဲတွင် အသုံးပြုခွင့်ပေးရန် ငြင်းဆန်ထားသည့် စပိန်၏ ရပ်တည်ချက် ပြောင်းလဲသွားပြီဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် (Karoline Leavitt) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

     “စပိန်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူတို့ဟာ သမ္မတကြီးရဲ့ မနေ့က သတင်းစကားကို အကျယ်ကြီးနဲ့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ သူတို့ဟာ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ကျွန်မ နားလည်ထားပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လီဗစ်(Leavitt) က သတင်းထောက်များကို ပြောကြားခဲ့သည်။

      သို့သော်လည်း စပိန်အစိုးရသည် ထိုပြောကြားချက်ကို ချက်ချင်းပင် ပယ်ချခဲ့သည်။ စပိန်နိုင်ငံခြား ရေးဝန်ကြီး ဟိုဆေး မာနျူရယ် အယ်လ်ဘာရက်စ် (Jose Manuel Albares) က အိမ်ဖြူတော်၏ အခိုင် အမာပြောဆိုချက်ကို “ပြတ်ပြတ်သားသား” ငြင်းဆိုကြောင်း ပြောကြားခဲ့သည်။


     “ကော်မာ(Comma) တစ်ခုစာလောက်တောင် ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ သူတို့ ဘာကို ရည်ညွှန်းပြီး ပြောနေတာလဲဆိုတာ ကျွန်တော် လုံးဝကို စဉ်းစားလို့ မရပါဘူး” ဟု အယ်လ်ဘာရက်စ်က Hora25 ရေဒီယိုအစီအစဉ်သို့ ပြောကြားခဲ့သည်။

     အင်္ဂါနေ့တွင် သမ္မတ ထရန့်သည် စပိန်နိုင်ငံက စစ်ပွဲကို ဆန့်ကျင်နေခြင်းအပေါ် “ဆိုးဝါးလှသည်” ဟု အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့သည်။
​”ကျွန်တော်တို့ စပိန်နဲ့ လုပ်နေတဲ့ ကုန်သွယ်ရေး အားလုံးကို ဖြတ်တောက်တော့မှာပါ။ စပိန်နဲ့ ပတ်သက်တာ ဘာတစ်ခုမှ ကျွန်တော်တို့ မလိုချင်တော့ဘူး” ဟု အမေရိကန် သမ္မတက ပြောကြားခဲ့သည်။

     သို့သော်လည်း မက်ဒရစ် (စပိန်အစိုးရ) သည် ဝါရှင်တန်၏ စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဂရုမစိုက်ဘဲ စစ်ပွဲကို ဆန့်ကျင်သည့် ၎င်းတို့၏ ရပ်တည် ချက်ကို ထပ်လောင်း အတည်ပြုကာ အာခံပြခဲ့သည်။

     “ကမ္ဘာကြီး၊ ဥရောပနဲ့ စပိန်တို့ဟာ အခုလို အဆုံး အဖြတ်ပေးရမယ့် အရေးကြီးတဲ့ အခိုက်အတန့်မျိုးကို အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက တာဝန်မဲ့တဲ့ ခေါင်းဆောင်တချို့ဟာ ကျွန်တော်တို့ကို အရှေ့အလယ်ပိုင်းက တရားမဝင်စစ်ပွဲတစ်ခုထဲ ဆွဲသွင်းခဲ့ကြပြီး အဲဒီစစ်ပွဲက မလုံခြုံမှုနဲ့ နာကျင်မှုတွေကလွဲလို့ ဘာမှ ယူဆောင်မလာခဲ့ပါဘူး” ဟု ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်က ဗုဒ္ဓဟူးနေ့တွင် X (Twitter) ၌ ရေးသားခဲ့သည်။

      စပိန်၏ ရပ်တည်ချက်သည် စစ်ပွဲများကို ငြင်းပယ်ရန်၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို ဆန့်ကျင်ရန်နှင့် “ကမ္ဘာ့ပြဿနာတွေကို ဗုံးတွေနဲ့ ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူမှားမှု” ကို တိုက်ဖျက်ရန် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

     အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က စပိန်နိုင်ငံ၏ ရပ် တည်ချက်ကို ဗုဒ္ဓဟူးနေ့တွင် ချီးကျူးစကား ဆိုခဲ့သည်။
​      “အီရန်အပါအဝင် နိုင်ငံများအပေါ် ဇီယွန်ဝါဒီ-အမေရိကန် မဟာမိတ်အဖွဲ့ရဲ့ ပြောင်ပြောင် တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရေးအရ ကျူး ကျော်မှုတွေကို ဆန့်ကျင်ရာမှာ စပိန်ရဲ့ တာဝန်သိတဲ့ လုပ်ဆောင်ချက်ဟာ အနောက်နိုင်ငံတွေမှာ ကျင့်ဝတ်နဲ့ နိုးကြားတဲ့ အသိတရားတွေ ရှိနေသေးတယ်ဆိုတာကို ပြသနေပါတယ်” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
     “စပိန်တာဝန်ရှိသူတွေရဲ့ ရပ်တည်ချက်အတွက် ကျွန်တော် သူတို့ကို ချီးကျူးပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

​     စပိန်နိုင်ငံသည် အီရန်အပေါ် တိုက်ခိုက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရာတွင် ဥရောပတိုက်၌ အခြားနိုင်ငံများနှင့် မတူဘဲ ထူးခြားစွာ ထွက်ပေါ်လာသည့် နိုင်ငံဖြစ်လာသည်။

     ဥရောပသမဂ္ဂ (EU) သည် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ထိုးစစ်ဆင်မှုကို တရားဝင် ငြင်းပယ်ခြင်း မပြုဘဲ၊ တင်းမာမှုများ လျှော့ချရန်နှင့် အရပ်သားများကို အကာအကွယ်ပေးရန်ဟူသော ဝေဝါးသည့် တောင်းဆိုချက်ကိုသာ ထုတ်ပြန်ခဲ့သည်။
​      “အီရန်အစိုးရဟာ လူပေါင်းထောင်ချီကို သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယား အစီအစဉ်တွေအပြင် အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့နေတာဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်း ခြောက်မှုတစ်ခု ဖြစ်ပါတယ်” ဟု အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) က ပြောကြားခဲ့သည်။

      “EU အနေနဲ့ အီရန်အပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပြီး နျူကလီးယားကိစ္စ အပါအဝင် သံတမန်ရေးရာ နည်းလမ်းနဲ့ ဖြေရှင်းမှုတွေကို ထောက်ခံခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

      စပိန်သည် ဂါဇာအရေးတွင်လည်း အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို၊ ယခု အီရန်စစ်ပွဲတွင်လည်း အမေရိကန်၏ ကျူးကျော်မှုကို ဆန့်ကျင်နေသဖြင့် အနောက်အုပ်စုအတွင်း “လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေ” ကို အလေးဆုံးထားသည့် နိုင်ငံအဖြစ် ပေါ်ထွက်နေသည်။
အရင်းမြစ် – Al Jazeera

Telegram»…
https://t.me/positiveanglenews

#PAN