တီဟီရန်မြို့အတွင်း ထိုးစစ်ဆင်မှု အသစ်များကို စတင်လိုက်ပြီဖြစ်ကြောင်း IDF က ကြေညာ

(နိုင်ငံတကာ)မတ် ၅

      ⁠အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အီရန်နိုင်ငံ ၏ မြို့တော် တီဟီရန်ကို တိုက်ရိုက်ဗုံးကြဲတိုက်ခိုက်မှုအသစ်များကိုစတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းသည် အရှေ့အလယ်ပိုင်းစစ်ပွဲ၏ အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိသွားပြီဖြစ် ကြောင်း ပြသနေပါသည်။

    အစ္စရေး တိုက်လေယာဉ်များသည် မြို့တော်တစ်ဝှမ်းရှိ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက် ခိုက်နေသည်။

     ယခင်က နျူကလီးယားစခန်းများနှင့် နယ်စပ်ဒေသများကိုသာ ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါ အီရန် ၏ နှလုံးသားဖြစ်သော တီဟီရန်မြို့တော်အတွင်းရှိ အစိုးရနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ရိုက် တိုက်ခိုက်လာခြင်း ဖြစ်သည်။

     အီရန်၏ IRGC (Islamic Revolutionary Guard Corps) ၏ ကွပ်ကဲမှုဌာနချုပ်များ၊ လက်နက်တိုက်များနှင့် ဆက်သွယ်ရေးစခန်းများကို အဓိကထား ချေမှုန်းနေခြင်း ဖြစ်သည်

ဤလုပ်ရပ်သည် အီရန်အစိုးရကို အပြီးတိုင် ပြိုလဲသွားစေရန် ရည်ရွယ်သည့် (Decisive Strike) အသွင်ဆောင်နေပြီး အီရန်ဘက်မှလည်း အစ္စရေးကို ဒုံးကျည်အမြောက်အမြားဖြင့် ပြန်လည်တုံ့ပြန်နိုင်သည့် အတွက် စစ်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

    အစ္စရေးတိုက်လေယာဉ်များသည် IRGC ၏ ထောက်လှမ်းရေးဌာနချုပ်နှင့် မြို့တော်တောင်ပိုင်းရှိ ဒုံးကျည်သိုလှောင်ရုံများကို အဓိကထား တိုက်ခိုက်နေသည်။

     အီရန်ကလည်း အစ္စရေးနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဦးတည်၍ “ဖာတာ” (Fattah) အမည်ရှိ ဟိုက်ပါဆိုးနစ်ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနများက ဆိုသည်။

တီဟီရန်မြို့တစ်ခွင်တွင် လေကြောင်းရန်သတိပေးဥဩသံများ ဆက်တိုက်မြည်ဟီးနေပြီး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအချို့ ပြတ်တောက်နေကြောင်း သတင်းရရှိပါသည်။

Telegram»…
https://t.me/positiveanglenews

#PAN