
(မှုခင်း) ဖေဖော်ဝါရီ ၂၅
အွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုလုပ်ငန်းတွေမှု ဆက်စပ်ပါဝင်ကြသူတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာကာ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေမှာ အဲဒီလုပ်ငန်းတွေမှာ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ သူတွေကို လုံခြုံရေးပူးပေါင်းအဖွဲ့တွေကဖမ်းဆီးပြီး လိုအပ်တဲ့ စိစစ် စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။
အဲဒီလိုလွှဲပြောင်းပေးနေရာမှာ အင်ဒိုနီးရှားနိုင်ငံသား ၁၀၁ ဦး၊ နမီးဘီးယားနိုင်ငံသား ခြောက်ဦး၊ သီရိလင်္ကာ နိုင်ငံသား ငါးဦး၊ ကင်ညာနိုင်ငံသား လေးဦး၊ အိန္ဒိယနိုင်ငံသား လေးဦး၊ တောင်အာဖရိကနိုင်ငံသား လေးဦး၊ ဇင်ဘာဘွေနိုင်ငံသား သုံးဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦး၊ မလေးရှားနိုင်ငံသား နှစ်ဦး၊ ဘီနင်နိုင်ငံသား တစ်ဦးနဲ့ ဘူရွန်ဒီနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၄ ဦးတို့ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကိုထပ်မံလွှဲပြောင်းပေးလိုက်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
လူသားချင်း စာနာထောက်ထားမှု၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုကာ ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ထပ်မံလွှဲပြောင်းပေးတာဖြစ်ပြီး မြန်မာဘက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနဲ့ တာဝန်ရှိသူတွေက ထိုင်းနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးက Minister Counsellor Mr. Mohamad Arif Sulaksono နဲ့ တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးက Counsellor Ms. Jarin Sijaya Abdul Hathi နဲ့တာဝန်ရှိသူတွေ၊ မလေးရှားနိုင်ငံဆိုင်ရာ နမီးဘီးယားနိုင်ငံသံရုံးက Second Secretary Ms. Laina S Mundilo နဲ့တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးက Administrative and Technical Staff Mr. Deepak Pathak နှင့်တာဝန်ရှိသူတွေ၊ သီရိလင်္ကာနိုင်ငံ၊ ကင်ညာနိုင်ငံ၊ တောင်အာဖရိက နိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဘီနင်နိုင်ငံနဲ့ ဘူရွန်ဒီနိုင်ငံတို့က သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နဲ့တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေထံကို ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေနဲ့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။