
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၅
သတ်မှတ်ချက်နဲ့ကိုက်ညီမှုမရှိတဲ့ ကျောင်းသားတွေကို စစ်ကိုင်းခရိုင်ပညာရေးမှူးက ဖြေဆိုခွင့်ကတ်ပြားတွေကို ဖေဖော်ဝါရီလ၂၂ ရက်နေ့က ထုတ်ပေးခဲ့တဲ့အတွက် ယခုလိုဖြစ်ပွားခဲ့တဲ့အပေါ် အဆိုပါခရိုင်ပညာရေးမှူးကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေနဲ့အညီ စိစစ်ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်မှာရှိတဲ့ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ Grade-5 ကျောင်းသား ကျောင်းသူ (၇၂) ဦးနဲ့ Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့ဟာ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (Grade-5 နဲ့ Grade-9) စာမေးပွဲတွေ ဖြေဆိုခွင့်ကတ်ပြားတွေ လက်ဝယ်ရှိခဲ့ပေမယ့် စာစစ်ဌာနသို့ သွားရောက်ဖြေဆိုချိန်မှာ ဖြေဆိုခွင့်မရရှိခဲ့တဲ့ဖြစ်စဉ် ဖေဖော်ဝါရီ ၂၃ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Grade-5 နဲ့ Grade-9 စာမေးပွဲတွေကို ဖြေဆိုခွင့်ကဒ်တွေမရရှိပေမယ့် ထက်ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၆၁)ဦးဟာ စာမေးပွဲဖြေဆိုခွင့်မရရှိတဲ့အကြောင်းအရင်းကို မီဒီယာတွေက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနကို မေးမြန်းမှုတွေလုပ်ဆောင်ခဲ့တာကြောင့် သက်ဆိုင်ရာကလည်း သတင်းထုတ်ပြန်ဖြေကြားခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်မှာတော့ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ ဋ နဲ့ ပုဒ်မခွဲ ဍ မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်တွေကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ၆-၁-၂၀၂၆ ရက်မှာ ကျင်းပတဲ့ ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစပြီး ပိတ်သိမ်းဖို့ ဆုံးဖြတ်ထားတဲ့ ကျောင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီးထုတ်ပြန်ထားရာမှာတော့ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အမှန်တကယ်တက်ရောက်ပြီး စာရင်းသွင်းထားတဲ့ ကျောင်းသားကျောင်းသူတွေ မနစ်နာစေဖို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း (၂) ကြိမ်၊ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း (၁) ကြိမ် ဖြေဆိုခဲ့တဲ့ Grade-5 ကျောင်းသားကျောင်းသူ (၄၀)ဦးနဲ့ Grade-9 ကျောင်းသားကျောင်းသူ (၄၀)ဦး စုစုပေါင်း (၈၀)ဦးတို့ကိုသာ ယခု ကျင်းပနေတဲ့ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းကို ဖြေဆိုခွင့်ပြုခဲ့ပါတယ်လို့ ဆိုပါတယ်။
ယခုဖြစ်စဉ်မှာပါဝင်တဲ့ Grade-5 ကျောင်းသားကျောင်းသူ(၇၂)ဦးနဲ့ Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့ဟာ ကျောင်းအပ်နှံစာရင်းမှာ ပါဝင်မှု မရှိခြင်း၊ အဲဒီကိုယ်ပိုင်ကျောင်းက လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလထိ) တင်ပြခဲ့တဲ့ ကျောင်းသားလချုပ် စာရင်းမှာ ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်းမှာ ပါဝင်မှုမရှိခြင်း၊ ကိုယ်ပိုင်ကျောင်းကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးချိန်မှာလည်း ဖော်ပြပါ ကျောင်းသားတွေဟာ အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနစ်ဝက်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း(၃)ကြိမ် ဖြေဆိုထားတဲ့ အထောက်အထားတွေ မရှိတဲ့အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိပေမယ့် ဖြေဆိုခွင့်ကတ်ပြားတွေ ရယူခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။