



(ပြည်တွင်း) ဖေဖော်ဝါရီ ၂၂
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ယမန်နေ့ညနေ ပိုင်းအချိန်က အချိန်ခါမဲ့ မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် နေအိမ် ၁၆လုံး အိမ်ခေါင်မိုးများပြုတ်ထွက် ပျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၇နာရီအချိန်က ဒက္ခိဏသီရိမြို့နယ်၊ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေသော နေအိမ်များ၊ သစ်ပင်များအား ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၁၂နာရီအချိန်က တပ်ကုန်းမြို့နယ်၊ ကျောင်စရစ်ကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော နေအိမ်များနှင့် စာသင်ကျောင်းအား မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်မွန်းတည့်မှ ဖေဖော်ဝါရီ ၂၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။